အခန်း 3 သန့်ရှင်းမှု

ခန္ဓာကိုယ်ကို သန့်ရှင်းအောင်လုပ်ခြင်းဆိုသည်မှာ အရေပြားမှ အညစ်အကြေးများကို ဖယ်ရှားပြီး ဇီဝကမ္မဖြစ်စဉ်အသစ်များ မြင့်တက်စေကာ သွေးလည်ပတ်မှုလည်းကောင်းစေသည်သာမက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေကာ လန်းဆန်းမှုကို ပေးစွမ်းနိုင်သောကြောင့် အသက်ရှင်သန်လိုစိတ်များ ရှိလာစေသည့်အတွက် အရေးကြီးသော လုပ်ဆောင်မှုဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် မနက်နှင့်ညတို့တွင် မျက်နှာသစ်ခြင်း၊ သွားတိုက်ခြင်း၊ ရေချိုးခြင်း၊ လက်ဆေးခြင်း၊ အတွင်းခံလဲခြင်း၊ အဝတ်လဲခြင်းဟူသော လုပ်ဆောင်ချက်များကို အလေ့အထအရလုပ်ဆောင်ကြပြီး ခန္ဓာကိုယ်၏ သန့်စင်မှုကို ထိန်းသိမ်းကာ ကျန်းကျန်းမာမာ နေထိုင်စားသောက်နေကြသော်လည်း အဖိုးအဖွားများမှာမူ အကူအညီအမျိုးမျိုး လိုအပ်ပါသည်။

တစ်ခါတစ်ရံတွင် မသန်စွမ်းမှု၏ ပြင်းထန်မှုပေါ်မူတည်၍ ပုံမှန်ထက်ပိုပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးကို သန့်ရှင်းရေးလုပ်ပေးရခြင်းမျိုးလည်း ရှိသည့်အတွက် ခန္ဓာကိုယ်သန့်ရှင်းမှုထိန်းသိမ်းခြင်းသည် ပြုစောင့်ရှောက်မှုပေးခြင်းများထဲတွင် ပြီးစလွယ်လုပ်ဆောင်၍မရသော အရေးပါသည့် ပြုစောင့်ရှောက်မှုဖြစ်ပါသည်။


အပိုင်း 1 အရေပြားဖွဲ့စည်းပုံနှင့်လုပ်ဆောင်ချက်

ဤအပိုင်းတွင် အရေပြားဖွဲ့စည်းပုံနှင့် ၎င်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဖော်ပြပေးသွားပါမည်။

အရေပြားကို အရေပြား၏အပြင်လွှာ၊ အရေပြားအတွင်းပိုင်းအလွှာ၊ အရေပြားအောက်ဆုံးလွှာတစ်သျှူးတို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့အသီးသီးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။

ထို့အပြင် လူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားပြီး သက်ရှိခန္ဓာကိုယ် ကို ကာကွယ်ထိန်းသိမ်းပေးသည့်အပြင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးကာ၊ အာရုံခံအင်္ဂါတစ်ခုအဖြစ် လုပ်ဆောင်ပြီး အသက်ရှင်သန်ရန်အတွက် အရေးကြီးသော လုပ်ငန်းဆောင်တာအမျိုးမျိုးကို လုပ်ဆောင်ပေးပါသည်။

ဤအချက်များကို နားလည်ထားခြင်းသည် ခန္ဓာကိုယ်သန့်ရှင်းရေးလုပ်ရန် နည်းလမ်းများကို စဉ်းစားသည့်အခါ အရေးကြီးပါသည်။

ထို့အပြင် အရေပြားလုပ်ဆောင်ချက် ကျဆင်းနေသော အဖိုးအဖွားများအတွက် ပြုစုစောင့်ရှောက်မှုကို ထည့်သွင်းစဉ်းစားရာတွင်လည်း အရေးကြီးပါသည်။


① သာမန်မျက်စိဖြင့်မြင်နိုင်သော အရေပြား၏ ဖွဲ့စည်းပုံ

အရေပြားသည် ခန္ဓာကိုယ်၏မျက်နှာပြင်ကို ဖုံးအုပ်ထားပြီး ၎င်းကိုကာကွယ်ပေးထားသော်လည်း “အဖုံးအကာ” တစ်ခုမျှသာမဟုတ်ပါ။

အသက်ရှင်သန်မှုကိုထိန်းသိမ်းရန် လိုအပ်သော လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ထမ်းဆောင်ကြပါသည်။

၎င်း၏ စုစုပေါင်းဧရိယာသည် အရွယ်ရောက်ပြီးသူများတွင် ပျမ်းမျှအားဖြင့် 1.6 စတုရန်းမီတာ (ဂျပန်ရိုးရာဖျာ 1 ချပ်စာအရွယ်အစားခန့်) ရှိပြီး ခန္ဓာကိုယ်အလေးချိန်၏ 16% ခန့် အလေးချိန်ရှိကာ ခန္ဓာကိုယ်တွင် အကြီးဆုံးသော အင်္ဂါဖြစ်ပါသည်။

အရေပြား၏မျက်နှာပြင်သည် မညီညာပြန့်ပြူးခြင်းမရှိဘဲ သေးငယ်သော အဖုအထစ်များနှင့် အရေးအကြောင်းများရှိပါသည်။

အဖုအထစ်များကို အရေပြားအခုံးများ၊ အရေးအကြောင်းများကို အရေပြားလိုင်းစင်းများဟု ခေါ်ပါသည်။

၎င်းတို့ဖြင့်ဖွဲ့စည်းထားသောအရေပြား၏ အပြင်ပန်းကို “အရေပြားအသွင်အပြင်” ဟု ခေါ်ပါသည်။

အရေပြားမှလိုင်းစင်းများသည် လက်ချောင်းနှင့်ခြေချောင်းများမှ အလယ်ပိုင်းတွင် ကောင်းစွာဖွံ့ဖြိုးပြီး လိုင်းစင်းပုံစံအမျိုးမျိုးကို ရေးဆွဲထားပါသည်။

ဤသည်မှာ လက်ဗွေရာဖြစ်ပါသည်။

လက်ဗွေရာများသည် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားပြီး ဘဝတစ်လျှောက်လုံး မပြောင်းလဲသောကြောင့် ၎င်းတို့ကို လူတစ်ဦးချင်းစီ၏ အထောက်အထားကို သက်သေပြရန် လက်ဗွေများအဖြစ် အသုံးပြုကြပြီး ရာဇဝတ်ကောင်များကို ရှာဖွေရန် သဲလွန်စများအဖြစ် အသုံးပြုကြပါသည်။

အရေပြားကို ဆူးဖြင့် အပေါက်ဖောက်လိုက်မည်ဆိုပါက အပေါက်အဝိုင်းဖြစ်သွားမည်မဟုတ်ဘဲ လမ်းကြောင်းတစ်ခုခုသို့ အရေပြားကွဲထွက်သွားပါမည်။

၎င်းကို “ကွဲထွက်သွားသည့်လိုင်း၏ဦးတည်ရာ”ဟုခေါ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် အကြမ်းဖျင်း သတ်မှတ်ထားပါသည် (ပုံ 1) (ပုံ 1)

ဥပမာအားဖြင့် လိမ်းဆေး သို့မဟုတ် ခရင်မ်များ လိမ်းသည့်အခါ နှင့် အရေပြားကို နှိပ်နယ်သည့်အခါတို့တွင် အဆိုပါဦးတည်ရာအတိုင်း ပြုလုပ်ခြင်းသည် အကျိုးအာနိသင်ရှိပြီး စိတ်ခံစားချက်ကောင်းစေပါသည်။


② အရေပြားဖွဲ့စည်းပုံနှင့်၎င်း၏လုပ်ဆောင်ချက်များ

အရေပြားကို အရေပြား၏အပြင်လွှာ၊ အရေပြားအတွင်းပိုင်းအလွှာ၊ အရေပြားအောက်ဆုံးလွှာတစ်သျှူးတို့ဖြင့် ဖွဲ့စည်းထားပါသည်။(ပုံ 2) (ပုံ 2)

အရေပြား၏အပြင်လွှာနှင့် အရေပြားအတွင်းပိုင်းအလွှာတို့အထူမှာ ပျမ်းမျှအားဖြင့် 2.0 မီလီမီတာ ဖြစ်ပါသည်။

1. အရေပြား၏အပြင်လွှာ

ပြင်ပကမ္ဘာနှင့် ထိတွေ့သော အရေပြား၏ အပြင်ဘက်အကျဆုံး အစိတ်အပိုင်းမှာ အရေပြား၏အပြင်လွှာဖြစ်ပါသည်။

အရေပြား၏အပြင်လွှာကို stratum corneum, stratum basale, stratum granulosum, stratum spinosum, stratum basale ဟူသည့် အလွှာ 5 ခုဖြင့် ဖွဲ့စည်းထားပါသည်။

အောက်ဆုံးရှိ stratum basale အလွှာသည် ဆဲလ်များ မြောက်များစွာ ပြိုကွဲပြီး ကြီးထွားရင်းဖြင့် stratum spinosum၊ stratum granulosum တို့ကို တွန်းပြီးတက်လာပါသည်။

ထို့နောက် နောက်ဆုံးတွင် stratum corneum ရောက်သွားပြီး မျက်နှာပြင်မှ တစ်ခုပြီးတစ်ခု ကွာကျလာပါသည်။

၎င်းသည် အများခေါ်ကြသည့် ချေးနှင့် ‌ဗောက်များ ဖြစ်ပါသည်။

ဤအရေပြားပြောင်းလဲမှုဖြစ်စဉ်ကို "keratinization" ဟုခေါ်ပါသည်။

ဤသံသရာသည် ဘဝတစ်လျှောက်လုံး ဆက်လက်တည်ရှိနေပြီး keratinization စက်ဝန်းသည် ခန့်မှန်းခြေအားဖြင့် 35 မှ 45 ရက်အထိ ကြာသည်ဟု ဆိုပါသည်။

ဤနည်းဖြင့် အရေပြား၏အပြင်လွှာသည် အဆက်မပြတ် အသစ်အသစ်များ ဖြစ်ပေါ်နေပါသည်။

ချေးညှော်များကို နေ့စဉ်ဆေးကြောသန့်ရှင်းခြင်း၊ ရေပတ်တိုက်ခြင်းတို့ လုပ်ခြင်းသည် ဇီဝကမ္မဖြစ်စဉ်ကို ကူညီရာရောက်ပြီး ဆဲလ်အသစ်များ ဖြစ်ပေါ်ရန်အတွက် အသုံးဝင်စေပါသည်။

Stratum corneum ကို keratin ဟုခေါ်သော ပရိုတင်းဖြင့် ပြုလုပ်ထားပြီး ၎င်း၏အောက်မှ ဆဲလ်များကို ပြင်ပလှုံ့ဆော်မှုများမှ ကာကွယ်ပေးကာ ရေဆုံးရှုံးမှုကို ကာကွယ်ပေးပါသည်။

ကျွန်ုပ်တို့၏ခန္ဓာကိုယ်၌ ရေဓာတ်ကိုထိန်းထားနိုင်ရခြင်းမှာ stratum corneum ကြောင့် ဖြစ်ပါသည်။

အကယ်၍ ဧရိယာကြီးသောအပူလောင်ခြင်းကြောင့် stratum corneum ပျက်စီးသွားပါက ခန္ဓာကိုယ်မှ ရေဓာတ်များသည် ခန္ဓာကိုယ်ပြင်ပသို့ လျင်မြန်စွာ လွတ်ထွက်သွားမည်ဖြစ်သည့်အတွက် ရေဓာတ်ခန်းခြောက်မှု ဖြစ်ပွားစေပါသည်။

ထို့ပြင် stratum corneum အလွှာမှ တစ်သျှူးများတွင် ရေဓာတ်ပါဝင်ပြီး အသားအရေကို အစိုဓာတ်ထိန်းပေးပါသည်။

2. အရေပြားအတွင်းပိုင်းအလွှာ

အရေပြားအတွင်းပိုင်းအလွှာကို ပမာဏများပြားသော ကော်လာဂျင်အမျှင် (collagen) နှင့် ပမာဏနည်းသော ကျုံ့နိုင်ဆန့်နိုင်သည့်အမျှင် (elastin) တို့ဖြင့် ဖွဲ့စည်းထားပြီး ၎င်းတို့၏ပတ်လည်၌ အကျိအချွဲများဖြင့် ဖြည့်ထားပါသည်။

အရေပြားနှင့် ထိတွေ့သည့်အချိန်တွင် နူးညံ့သောပျော့ပြောင်းမှုကို ခံစားရစေသည်မှာ ထို့အတွက်ကြောင့်ဖြစ်ပါသည်။

အရေပြားအတွင်းပိုင်းအလွှာကို သွေးကြောနှင့် လင့်ကြောများသည် ကွန်ရက်သဖွယ် ဖုံးလွှမ်းထားပါသည်။

ထို့ကြောင့် အရေပြားအတွင်း ဖြစ်ပေါ်နေသော အန္တရာယ်ရှိသော အရာများကို ဆေးကြောလိုက်သော်လည်း တစ်ဖက်တွင် သွေးထဲတွင် စီးဆင်းနေသော အရာများ စုပုံလာပြီး အရေပြားကို အမျိုးမျိုးသော ပြောင်းလဲမှုများ ဖြစ်စေပါသည်။

ထို့အပြင် ချွေးဂလင်းများ၊ အရေပြားအဆီဂလင်းများ၊ အမွေးထောင်‌စေသောကြွက်သားများရှိပြီး ဤနေရာများ၌ အလိုအလျောက်ဖြစ်စဉ်များအား ညှိနှိုင်းထိန်းချုပ်ပေးသောဦးနှောက်နှင့်အာရုံကြောအဖွဲ့လည်း ပျံ့နှံ့တည်ရှိပါသည်။

ထို့နောက် ထိတွေ့မှု၊ နာကျင်မှု၊ အပူ၊ အအေးစသည့် အာရုံခံစားမှုများကို ထိန်းချုပ်သည့် အာရုံကြောများလည်း ရှိပါသည်။

3. အရေပြားအောက်ဆုံးလွှာတစ်သျှူး

အရေပြားအောက်ဆုံးလွှာတစ်သျှူးကို အဓိကအားဖြင့် အဆီတစ်သျှူးများဖြင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်၏စွမ်းအင်သိုလှောင်မှုများထဲက တစ်ခုဖြစ်ပါသည်။

အစားအစာများမှတဆင့် စားသုံးလိုက်သော ပိုလျှံသောစွမ်းအင်များကို များသောအားဖြင့် အရေပြားအောက်မှအဆီအဖြစ် သိုလှောင်ထားပါသည်။

အရေပြားအောက်ဆုံးလွှာတစ်သျှူးသည် ကြွက်သားများ၊ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများ စသည်တို့အပေါ် ပြင်ပမှ လှုံ့ဆော်မှုများ တိုက်ရိုက်သက်ရောက်မှုပြေလျော့စေရန်အတွက် ကြားခံပေးသည့် ကဏ္ဍမှပါဝင်ကာ ကိုယ်တွင်းအင်္ဂါများထံသို့ ပြင်ပလေထုအပူချိန်သက်ရောက်ခြင်းမရှိစေသည့်တာဝန်ကိုလည်း ထမ်းဆောင်ပါသည်။

အဆီပမာဏသည် ခန္ဓာကိုယ် အစိတ်အပိုင်း၊ အသက်၊ လိင်နှင့် အာဟာရအခြေအနေပေါ်မူတည်၍ ကွဲပြားသောကြောင့် ၎င်းသည် အထူအတိအကျမရှိသော တစ်သျှူးဖြစ်ပါသည်။


③ အရေပြားနှင့်တွဲဆက်နေသော အင်္ဂါများ

အရေပြားတွင် အမွေးအမျှင်၊ လက်သည်း၊ အရေပြားအဆီဂလင်းနှင့် ချွေးဂလင်းများကဲ့သို့သော အထူးလုပ်ဆောင်ချက်များရှိသည့် အင်္ဂါများပါရှိပြီး ယင်းတို့ကို “အရေပြားနှင့်တွဲဆက်နေသော အင်္ဂါများ” ဟုခေါ်ပါသည်။

1. အမွေးအမျှင်

အရေပြား၏ မျက်နှာပြင်ပေါ်၌ထွက်နေသော အစိတ်အပိုင်းကို “အမွေး”ဟုခေါ်ပြီး အရေပြားအတွင်းပိုင်း၌ရှိသည့်အပိုင်းကို “အမွေးမြစ်”ဟုခေါ်ပါသည်။

အမွေးမြစ်၏အောက်ပိုင်းသည် အာဟာရကြီးထွားမှုကို ထိန်းချုပ်သည့် သွေးကြောများနှင့် အာရုံကြောများပါရှိပြီး အလုံးပုံစံ ဖောင်းနေပါသည်။

ထို့ကြောင့် ဆံပင်ကို အားပြင်းပြင်းဆွဲခြင်းသည် နာကျင်မှုကို ဖြစ်စေပါသည်။

အမွေးအမျှင်တွင် အမွေးထောင်‌စေသောကြွက်သားများရှိပြီး အမွေးထောင်‌စေသောကြွက်သားများ ကျုံ့သွားခြင်းအားဖြင့် အမွေးထောင်လာပါသည်။

အအေးမိခြင်း၊ စိတ်မပျော်ရွှင်ခြင်း၊ ကြောက်လန့်ခြင်းတို့ ခံစားရသောအခါ အမွေးထောင်‌စေသောကြွက်သားများကျုံ့သွားပြီး ကြက်သီးထလာပါသည်။

လက်ဖဝါး၊ ခြေဖဝါး၊ နှုတ်ခမ်း၊ လိင်အင်္ဂါမှ လိင်တံထိပ်ဖျားစသည့် မြူးကပ်စ်အလွှာများမှအပ ကျန်ခန္ဓာကိုယ်တစ်ခုလုံးကို အမွေးအမျှင်များဖြင့် ဖုံးအုပ်ထားပြီး ခန္ဓာကိုယ် အပေါ်ယံမျက်နှာပြင်ကို ကာကွယ်ပေးခြင်းနှင့် အပူချိန်ထိန်းပေးခြင်းကဏ္ဍများ လုပ်ဆောင်ပါသည်။

ဆံပင်သည် 1 နေ့လျှင် ပျမ်းမျှ 0.2 မှ 0.5 မီလီမီတာ ရှည်လာပါသည်။

2. လက်သည်း

လက်သည်းများသည် အရေပြား၏အပြင်လွှာမှ stratum corneum အလွှာ ပြောင်းလဲသွားသည့်အရာဖြစ်ပြီး အစဉ်အမြဲ ရှည်ထွက်နေပါသည်။

လက်သည်းများသည် တစ်နေ့လျှင် ပျမ်းမျှ 0.1 မီလီမီတာ ရှည်လာသောကြောင့် လက်သည်းများကို 1 ပတ်လျှင် 1 ကြိမ် ညှပ်ရန် လိုအပ်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ လက်သည်းများထူလာကာ ရှည်ထွက်သည့်နှုန်း နှေးကွေးလာပါသည်။

လက်သည်း၏အရောင်သည် လက်သည်းအောက်၌ စီးဆင်းနေသော ဆံချည်မျှင်သွေးကြောများအတွင်းမှ သွေးကို ဖောက်ထွင်းမြင်နေရသည့်အရောင်ဖြစ်ပါသည်။

လက်သည်းအရောင်သည် ကျန်းမာရေးကောင်းမွန်မှုကို ညွှန်ပြသည့် သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင် လက်သည်းများသည် လက်ချောင်းထိပ်များကို ပြင်ပအားများမှ ကာကွယ်ပေးပြီး ခြေလက်အင်္ဂါများ လုပ်ဆောင်မှုကို ကူညီပေးပါသည်။

3. အရေပြားအဆီဂလင်း

အရေပြားအဆီဂလင်းများသည် မွေးညင်းပေါက်များနှင့် ဆက်စပ်နေပြီး အရေပြားအဆီကိုထုတ်ပေးကာ ၎င်းတို့သည် အရေပြားနှင့် အမွေးအမျှင်များကို တောက်ပြောင်ချောမွေ့စေပါသည်။

အရေပြားအဆီသည် stratum corneum ပေါ်တွင် အဆီအမြှေးပါးဟုခေါ်သော ပါးလွှာသောအမြှေးပါးတစ်ခု ဖန်တီးပေးပါသည်။

၎င်းတွင် အက်စစ်ဓာတ် pH 4.5 မှ 6.5 ထိ ရှိပြီး stratum corneum အလွှာမှ ရေဓာတ်များ အငွေ့ပျံခြင်းမှ ကာကွယ်ပေးပြီး ဘက်တီးရီးယားမပေါက်ပွားစေသည့်လုပ်ဆောင်ချက် (ဘက်တီးရီးယား မဝင်အောင်ကာကွယ်ခြင်း) ပါဝင်ပါသည်။

အရေပြားအဆီသည် ချွေးနှင့် ဗောက်များ ရောနှောပြီး အနံ့ဆိုးထွက်စေသောကြောင့် မကြာခဏ ဆေးကြောပေးရပါမည်။

4. ချွေးဂလင်းများ

ချွေးဂလင်းများတွင် အက်ခရင်ဂလင်းနှင့် အက်ပိုခရင်ဂလင်းများ ပါဝင်ပါသည်။

အက်ခရင်ဂလင်းများသည် ခန္ဓာကိုယ်အနှံ့တွင်ရှိပြီး ချွေးထွက်စေပါသည်။

စုစုပေါင်းအရေအတွက် 2 သန်းမှ 5 သန်းရှိသည်ဟုပြောကြပြီး ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မူတည်ကာ သိပ်သည်းဆသည်လည်း ကွဲပြားပါသည်။

လက်ဖဝါးနှင့် ခြေဖဝါးများတွင် ချွေးဂလင်းများ အများဆုံးပါဝင်သောကြောင့် ချွေးထွက်များသည့်အတွက် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

အက်ပိုခရင်ဂလင်းများသည် မွေးညင်းပေါက်များအထက်၌ရှိကာအပေါက်ပွင့်နေပြီး ချိုင်း၊ စအိုတဝိုက်၊ လိင်အင်္ဂါစသည့် သတ်မှတ်ထားသောနေရာများ၌သာရှိကာ ထုတ်ပေးသည့်ချွေးများ၌ ထူးခြားသောအနံ့များရှိပါသည်။

၎င်းကို ကိုယ်နံ့ဟု ခေါ်ပြီး “ချိုင်းနံ့” သည် ရောဂါတစ်ခုဖြစ်ပါသည်။


④ အရေပြား၏ဇီဝကမ္မဆိုင်ရာ အကျိုးသက်ရောက်မှု

အရေပြားတွင် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများ အမျိုးမျိုးပါဝင်ပြီး ၎င်းတို့အများစုသည် ခန္ဓာကိုယ်ကို ကာကွယ်ပေးပါသည်။

အမှန်တကယ်တွင် အရေပြား၏အပြင်လွှာနှင့် အရေပြားအတွင်းပိုင်းအလွှာတို့၏လုပ်ဆောင်ချက်များ ပေါင်းစည်းသွားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်သည့် လုပ်ငန်း‌ဆောင်တာများကို စုပေါင်းထမ်းဆောင်ပါသည်။

1. ကာကွယ်ပေးသည့် သက်ရောက်မှု

အရေပြားသည် လူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး ၎င်းနှင့်တွဲဆက်နေသော အင်္ဂါများ၊ အရေပြားအောက်မှ အဆီတစ်သျှူးများနှင့်အတူ ယန္တရားဆိုင်ရာ ပြင်ပအင်အား၊ ပူလျှင်နွေးလာပြီး အေးလျှင်ချမ်းလာသည့် လုပ်ဆောင်ချက်၊ ဓာတုအဆိပ်များဝင်လာခြင်းတို့မှ ခန္ဓာကိုယ်ကို ကာကွယ်ပေးပါသည်။

အရေပြားမျက်နှာပြင်ပေါ်ရှိ အဆီအမြှေးပါးနှင့် အရေပြားအဆီတို့တွင်ပါရှိသော ဖက်တီးအက်ဆစ်သည် ဘက်တီးရီးယားများ ပေါက်ပွားခြင်းကို ဟန့်တားပေးကာ ဘက်တီးရီးယားများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။

အရေပြား၏အပြင်လွှာတွင် ရောင်ခြယ်ဆဲလ်များရှိပြီး မယ်လနင်အ‌ရောင်ကိုထုတ်ပေးပါသည်။ မယ်လနင်သည် နေရောင်ခြည်ကို စုပ်ယူပြီး နေရောင်ခြည်အလင်းတန်း၏သက်ရောက်မှုများကို ခန္ဓာကိုယ်အတွင်းနက်ရှိုင်းသည့်နေရာအထိမရောက်အောင် ကာကွယ်ပေးပါသည်။

2. ခန္ဓာကိုယ်အပူချိန်ထိန်းညှိသည့်လုပ်ဆောင်ချက်

ခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်းကို အဓိကအားဖြင့် အရေပြားရှိ သွေးကြောများနှင့် ချွေးများက ထိန်းချုပ်ပါသည်။

တစ်နည်းဆိုရသော် ပြင်ပအပူချိန်မြင့်လာသောအခါ အရေပြားမျက်နှာပြင်ရှိ သွေးကြောများ ကျယ်လာပြီး ခန္ဓာကိုယ်အပူချိန်ကို ပြင်ပသို့ထုတ်လွှတ်ကာ ချွေးများအငွေ့ပျံသွားသည့်အချိန်တွင် အပူအငွေ့ပျံခြင်းအားဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပါသည်။

အခြားတစ်ဖက်တွင် ပြင်ပအပူချိန်နိမ့်သောအခါ အရေပြားအတွင်းရှိ သွေးကြောများ ကျဉ်းသွားကာ သွေးစီးဆင်းမှုကို လျော့ကျစေပြီး ခန္ဓာကိုယ်တွင်းမှ အပူများ ဖြာထွက်မှုကို လျော့ကျစေပါသည်။

ထို့အပြင် ချွေးထွက်လည်းနည်းလာသည့်အတွက် အပူဆုံးရှုံးမှု နည်းလာပါသည်။

3. အာရုံခံစားမှု လုပ်ဆောင်ချက်

အရေပြားတွင် အထိအတွေ့အာရုံ၊ ဖိအားအာရုံ၊ အပူချိန်အာရုံ၊ အေးမြမှုအာရုံနှင့် နာကျင်မှုအာရုံစသည့် အာရုံခံစားမှုဆိုင်ရာ အာရုံကြောအဆုံးသတ်များရှိပြီး အာရုံခံအင်္ဂါအဖြစ် လုပ်ဆောင်ချက်ရှိပါသည်။

ဤအာရုံခံစားမှုများပေါ်မူတည်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါသည်။

နာကျင်မှုအာရုံသည် အာရုံခံစားအလွယ်ဆုံးဖြစ်ပြီး အပူချိန်အာရုံသည် အာရုံခံစားမှုအနည်းဆုံးဖြစ်ပါသည်။

ထို့အပြင် လက်ချောင်းထိပ်များ၊ နှုတ်ခမ်းများနှင့် လျှာတို့ရှိ အထိအတွေ့အာရုံသည် အထူးသဖြင့် အာရုံခံစားမှုအကောင်းဆုံးဖြစ်ပါသည်။

4. ထုတ်ပေးခြင်း၊ စွန့်ပစ်ခြင်း လုပ်ဆောင်ချက်

အရေပြားမှ ထုတ်ပေးခြင်း

အရေပြားမှ အဆီထုတ်ပေးသည့်ပမာဏကို ကျားဟော်မုန်း၏သက်ရောက်မှုပေါ်မူတည်ပြီး ထိန်းချုပ်ပါသည်။

ထို့ကြောင့် အဆီထွက်နှုန်းသည် မိန်းကလေးများထက် ယောက်ျားလေးများတွင် ပိုများပါသည်။ အရေပြားအဆီထုတ်ပေးခြင်းသည် အပျိုဖော်၊ လူပျိုဖော်ဝင်စကာလတွင် တိုးလာပြီး အသက် 20 မှ 25 တွင် အများဆုံးဖြစ်ပါသည်။

ထို့ကြောင့် အပျိုဖော်၊ လူပျိုဖော်ဝင်စကာလတွင် အလွယ်တကူ“ဝက်ခြံ” ပေါက်ရခြင်းဖြစ်ပါသည်။

ထို့အပြင် အရေပြားအဆီဂလင်းများ ဖွံ့ဖြိုးမှု ညံ့ဖျင်းပါက အဆီအမြှေးပါး ဖွဲ့စည်းရန် မလုံလောက်သည့်အတွက် stratum corneum အလွှာမှ ရေဓာတ်များအငွေ့ပျံသွားပြီး အရေပြားခြောက်သွေ့စေပါသည်။

အဖိုးအဖွားများတွင် အသက်ကြီးလာသည်နှင့်အမျှ အရေပြားအဆီဂလင်းများမှ အဆီထုတ်ပေးသည့်ပမာဏနည်းလာပြီး stratum corneum ၏ အစိုဓာတ်လည်း လျော့နည်းလာသည့်အတွက် အရေပြားကို ခြောက်သွေ့စေပါသည်။

ခန္ဓာကိုယ်ကို သန့်စင်ဆေးရည် သို့မဟုတ် ဆပ်ပြာဖြင့် မကြာခဏ ဆေးပါကလည်း ဤအခြေအနေ ဖြစ်ပွားနိုင်ပါသည်။

ချွေးထုတ်ပေးခြင်း

ချွေးထွက်ခြင်းသည် sympathetic အာရုံကြော၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပွားပါသည်။

ချွေးထွက်ခြင်းတွင် အပူကြောင့်ဖြစ်ရသော ချွေးထွက်ခြင်းနှင့် အလွန်အမင်း စိတ်လှုပ်ရှားသည့်အချိန်များ၌ မျက်နှာ၊ ချိုင်း၊ လက်ဖဝါးနှင့် ခြေဖဝါးတို့တွင်ထွက်သော စိတ်ပိုင်းဆိုင်ရာအရ ချွေးထွက်ခြင်းအပြင် အစပ်နှင့်အချဉ်များစားပြီးနောက် အရသာအာရုံကြောင့် မျက်နှာ၌ချွေးထွက်ခြင်းတို့ ရှိပါသည်။

ချွေးသည် ရေ 99% ဖြစ်ပြီး အခြား ဆားဓာတ်၊ ယူရီးယားနှင့် လက်တစ်အက်ဆစ်တို့ကို ချွေးမှတဆင့် စွန့်ထုတ်ပါသည်။

5. အသက်ရှူသည့်လုပ်ဆောင်ချက်

အရေပြားသည် အနည်းငယ်မျှသော အသက်ရှူသည့်လုပ်ဆောင်ချက်ကို ထမ်းဆောင်ပြီး အဆိုပါပမာဏမှာ အလွန်နည်းပါကာ အဆုတ်ဖြင့် အသက်ရှူခြင်း၏ 1% မျှသာရှိပါသည်။

6. စုပ်ယူသည့် လုပ်ဆောင်ချက်

ပုံမှန်အားဖြင့် ကျန်းမာသော အရေပြားသည် ခန္ဓာကိုယ်ပြင်ပမှ အမျိုးမျိုးသော အန္တရာယ်ရှိအရာများ ခန္ဓာကိုယ်တွင်းဝင်ရောက်ခြင်းကို တားဆီးပေးသော်လည်း အချို့သော အရာများသည် အချို့အခြေအနေများ၌ ဖြတ်သန်းသွားနိုင်ပါသည်။

အယားပျောက်ဆေးကဲ့သို့သော လိမ်းဆေးများသည် ဤလုပ်ဆောင်ချက်ကို အသုံးချထားခြင်းဖြစ်ပါသည်။

7. ဗီတာမင်ဒီ ထုတ်လုပ်မှု

အရေပြား၏အပြင်လွှာသည် keratinization နှင့်အတူ အရေပြား၏အပြင်လွှာထဲ၌ ပရိုဗီတာမင်ဒီ ထုတ်လုပ်ပြီး ၎င်းတို့သည် ခရမ်းလွန်ရောင်ခြည်မှ အလင်းတန်းများနှင့် ထိတွေ့လိုက်ပါက ဗီတာမင်ဒီအဖြစ်သို့ပြောင်းသွားပြီး ခန္ဓာကိုယ်အတွင်း စုပ်ယူလိုက်ပါသည်။

ဗီတာမင်ဒီသည် အရိုးကြီးထွားမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။


အပိုင်း 2 အဖိုးအဖွားများ၏ အရေပြားလက္ခဏာများ

အဖိုးအဖွားများ၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေရန် ပြုစုပေးသည့်အခါ အရေပြားသည် အလွန်ပြင်းထန်စွာ ပွတ်တိုက်မိရာမှ နီရဲလာခြင်း၊ သို့မဟုတ် ဆပ်ပြာသုံးသည့်အခါ ယားယံခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါသည်။

ဤပြဿနာများကို ကာကွယ်ရန်အတွက် အဖိုးအဖွားများ၏ အရေပြားလက္ခဏာများကို စေ့စေ့စပ်စပ် နားလည်ရန် လိုအပ်ပါသည်။

ကြည့်လိုက်ရုံမျှဖြင့် ပြောင်းလဲနေကြောင်း ထင်ထင်ရှားရှားသိနိုင်ပြီး အသက်ကြီးလာပါက အရေပြားတစ်သျှူးများ ပြောင်းလဲမှုအမျိုးမျိုးထွက်လာကာ အရေပြားလုပ်ဆောင်ချက်လည်း ကျဆင်းလာပါသည်။

ပြုစုစောင့်ရှောက်ပေးသူများသည် ယင်းကို အပြည့်အဝနားလည်ထားရမည်ဖြစ်ပြီး စောင့်ရှောက်မှုပေးသည့်အခါ သင့်လျော်သောအစီအမံများပြုလုပ်ရန် အရေးကြီးပါသည်။


① အဖိုးအဖွားများ၏ အရေပြားလက္ခဏာများ

ငယ်ရွယ်သူများ၏ အသားအရေသည် ရေဓာတ်ပြည့်ဝပြီး တင်းရင်းမှုအပြည့်ရှိကာ ချောမွေ့စိုစွတ်နေပြီး အရေပြားတစ်သျှူးများ ကျန်းကျန်းမာမာဖြင့် လုပ်ဆောင်နေသော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲမှုအမျိုးမျိုး ထွက်ပေါ်လာပါသည်။

1. အရေပြားအထူ လျော့ကျလာခြင်း

အရေပြား၏အပြင်လွှာ၏ အပြင်ဘက်ဆုံးအလွှာဖြစ်သော stratum corneum သည် ချေးများကို မျက်နှာပြင်ထံမှ ဆက်တိုက်ဆိုသလိုခွာချလျက်ရှိပြီး အောက်ဆုံးမှ stratum basale အလွှာရှိဆဲလ်များ အပြန်ပြန်အလှန်လှန် များစွာပြိုကွဲကာ ဆဲလ်အသစ်များ အဆက်မပြတ်ဖြစ်ပေါ်စေပါသည်။

သို့ရာတွင် အသက်ကြီးလာပါက basale ဆဲလ်များ ပြိုကွဲသည့်စွမ်းရည်ကျဆင်းလာသည့်အတွက် အရေပြား၏အပြင်လွှာမှ ဆဲလ်အရေအတွက် နည်းပါးလာကာ ရလဒ်အနေဖြင့် အရေပြား၏အပြင်လွှာအထူ လျော့ကျသွားပါသည် (ဤပြောင်းလဲမှုသည် တစ်နည်းအားဖြင့် အရေပြားပြန်လည်ဖြစ်ပေါ်သည့်စွမ်းရည် ကျဆင်းသွားခြင်းဖြစ်ပြီး ထို့အတွက် အသက်ကြီးလာသည်နှင့်အမျှ ဒဏ်ရာများ ပြန်လည်ကောင်းမွန်ရန် ပိုမိုအချိန်ကြာလာပါသည်)။

ထို့အပြင် အရေပြားအတွင်းပိုင်းအလွှာကို အဓိကပါဝင်ပစ္စည်းဖြစ်သည့် ကော်လာဂျင်အမျှင်များ၊ အရေပြားအောက်မှတစ်သျှူးများကို အဆီဆဲလ်များဖြင့် လုပ်ထားကာ စွမ်းဆောင်ရည်တို့ ကျဆင်းသည့်အတွက် ၎င်းတို့အသီးသီး၏အထူသည်လည်း လျော့ကျလာပါသည်။

ဤနည်းဖြင့် အရေပြား၏အပြင်လွှာနှင့် အရေပြားအတွင်းပိုင်းအလွှာ၊ အရေပြားအောက်မှတစ်သျှူူးများ၏အထူ လျော့ကျသွားသည့်အတွက် အရေပြားကို ပါးလွှာလာစေပါသည်။

ထို့အပြင် အရေပြားအတွင်းပိုင်းအလွှာ၌ပါဝင်သည့် ကျုံ့နိုင်ဆန့်နိုင်သောအမျှင်များသည် အသက်ကြီးလာသည်နှင့်အမျှကြွပ်ဆတ်လာကာ ထိုကဲ့သို့သော ပြောင်းလဲမှုများဖြစ်ပွားပါသည်။

ထို့ကြောင့် အဖိုးအဖွားများ၏ အရေပြားသည် နူးညံ့ပျော့ပျောင်းမှုနှင့် တင်းရင်းမှုတို့ မရှိတော့ဘဲ အရေးအကြောင်းများနှင့် ပျော့တွဲခြင်းတို့ ဖြစ်ပွားလွယ်စေပါသည်။

ထို့အပြင် ပြင်ပမှအားကို ခုခံနိုင်သည့်အားလည်း ‌လျော့နည်းလာပါသည်။

ပြင်ပမှ အနည်းငယ်မျှသော လှုံ့ဆော်မှုကြောင့်လည်း Purpura (အရေပြားအောက်၌ သွေးယိုစီးမှုကြောင့်ဖြစ်သော အနီရောင်အစက်အပြောက်၊ အကွက်) တို့ အလွယ်တကူ ဖြစ်ပွားနိုင်သည့်အတွက် ပြုစုစောင့်ရှောက်သူသည် ရေပတ်တိုက်ခြင်းစသည်တို့ကို လုပ်ဆောင်ရာ၌ အလွန်အမင်း အားမထည့်မိရန် လိုအပ်ပါသည်။

2. အရေပြားအဆီထုတ်ပေးသည့်ပမာဏ လျော့နည်းလာခြင်း

အသက်ကြီးလာတာသည်နှင့်အမျှ အရေပြားအဆီဂလင်းမှ စွန့်ထုတ်လိုက်သော အရေပြားအဆီပမာဏများ နည်းလာပါသည်။

 အသက် 50 အရွယ် အမျိုးသားတစ်ဦးသည် အသက် 20 အရွယ် အမျိုးသားတစ်ဦး၏ ထက်ဝက်မျှသာ ရှိပါသည်။

၎င်းသည် အဖိုးအဖွားများ၏ အရေပြား၌ အစိုဓာတ်ဆုံးရှုံးပြီး ခြောက်သွေ့လာရသည့် အကြီးမားဆုံးအကြောင်းရင်းဖြစ်ပါသည်။

ထို့အပြင် အရေပြားအဆီသည် အရေပြားမျက်နှာပြင်၌ အဆီအမြှေးပါး ဖြစ်ပေါ်စေပြီး အရေပြားထဲသို့ ဘက်တီးရီးယားစသည်တို့ မဝင်စေရန် ကာကွယ်ပေးထားပြီး အရေပြားအဆီထွက်ရှိမှုပမာဏနည်းသွားပါက အဆီအမြှေးပါး ဖြစ်ပေါ်ရန်ခက်လာပါမည်။

ရေချိုးသည့်အခါ ဆပ်ပြာအလွန်အကျွံသုံးပါက လိုအပ်သည်ထက်ပိုပြီး အရေပြားအဆီများကို ဆေးချလိုက်စေပါမည်။

ထိုအချက်သည် အဖိုးအဖွားများတွင် အရေပြားယားယံစေနိုင်သောကြောင့် ဆပ်ပြာကို အလွန်အကျွံမသုံးမိစေရန် သတိထားပါ။

3. အရေပြား ခြောက်သွေ့ခြင်း

အရေပြားအပြင်လွှာ၏ stratum corneum တွင် ရေဓာတ်ပါဝင်သောကြောင့် အရေပြားကို ချောမွေ့စေပါသည်။

အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်အတွင်းမှ stratum corneum သို့ ရေဓာတ်ပေးပို့ရန် ခက်လာပြီး stratum corneum ၏ရေဓာတ်ပါဝင်မှုပမာဏ ကျဆင်းလာသောကြောင့် အရေပြားအလွယ်တကူ ခြောက်သွေ့လာပါသည်။

တခါတရံတွင် ဖုန်မှုန့်များကပ်နေသည့်ပုံစံအရေပြား ဖြစ်သွားတတ်ပါသည်။

4. အရေပြား၏ အာရုံခံစားမှုပြောင်းလဲခြင်း

အရေပြားတွင် အထိအတွေ့အာရုံ၊ နာကျင်မှုအာရုံ၊ အပူချိန်အာရုံ၊ အေးမြမှုအာရုံစသည်တို့ကို ခံစားနိုင်သော အာရုံခံစားမှုဆိုင်ရာ အာရုံကြောများရှိပြီး အာရုံခံစားမှုအင်္ဂါများ၏လုပ်ဆောင်ချက်ကို ထမ်းဆောင်နေသော်လည်း အသက်ကြီးလာသည်နှင့်အမျှ အာရုံခံစားမှုလက်ခံနိုင်သည့်အရာများ ပျက်သုန်းသွားကာ သို့မဟုတ် ပျောက်ကွယ်သွားကာ အာရုံခံစားမှုဆိုင်ရာ အာရုံကြောများလည်း ပြောင်းလဲလာသည့်အတွက် ငယ်ရွယ်သူများနှင့်ယှဉ်ပါက အာရုံခံစားမှု နည်းပါးလာပါသည်။

ဥပမာအားဖြင့် တစ်ခါသုံးအနွေးဓာတ်ပေးပလာစတာ စသည်တို့ကို ဝမ်းဗိုက်ပေါ်တွင် အချိန်အကြာကြီးကပ်ထားပါက အဖိုးအဖွားများသည် အပူကို သတိမထားမိဘဲ အပူလောင်သွားခြင်း ဖြစ်တတ်ပါသည်။

ပြုစုစောင့်ရှောက်သူများသည် ဥပမာအားဖြင့် 2 နာရီခန့်ကြာတိုင်း ဝမ်းဗိုက်ပိုင်းမှ အရေပြား၏အခြေအနေကို အတည်ပြုစစ်ဆေးရန် သတိပြုဖို့ လိုအပ်ပါသည်။


② အဖိုးအဖွားများတွင် အဖြစ်များသော အရေပြားရောဂါများနှင့် ၎င်းတို့အတွက် တုံ့ပြန်ဆောင်ရွက်ပေးမှုများ

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အဖိုးအဖွားများ၏ အရေပြားသည် အသက်ကြီးလာသည်နှင့်အမျှ အသွင်သဏ္ဍာန်နှင့် ဇီဝကမ္မဆိုင်ရာပြောင်းလဲမှုများကို ကြုံတွေ့ရပါသည်။

ထို့ကြောင့် အရေပြားပြဿနာများ ဖြစ်ပွားနိုင်ချေ ပိုများလာပါသည်။

1. အသက်ကြီးလာခြင်းကြောင့် အရေပြားယားယံခြင်း

အကြောင်းရင်းနှင့် ရောဂါလက္ခဏာများ

အသက်ကြီးလာသည်နှင့်အမျှ ယားယံမှုဖြစ်စေသော အရေပြားရောဂါများ (ဥပမာ အယားဖုပေါက်ခြင်း၊ အဖုအပိန့်ထခြင်း၊ အရေပြားရောင်ရမ်းခြင်းစသည်) နှင့် အထူးသဖြင့် ယားယံမှုကို ဖြစ်‌စေသော ခန္ဓာကိုယ်တစ်ခုလုံးမှ ရောဂါများ (ဥပမာ ဆီးချိုရောဂါ၊ ဂေါက်ရောဂါ၊ သိုင်းရွိုဒ်ဂလင်းလုပ်ဆောင််ချက် ကျဆင်းသည့်ရောဂါ စသည်) တို့ မရှိသော်လည်း အရေပြားယားယံခြင်း ရှိတတ်ပါသည်။

ဤရောဂါသည် အဖိုးအဖွားများ၌သာဖြစ်တတ်သော အရေပြားခြောက်သွေ့မှုကို အခြေခံပြီးဖြစ်ပွားသည့် “အသက်ကြီးလာခြင်းကြောင့် အရေပြားယားယံခြင်း” ဟုခေါ်ပါသည်။

အရေပြားခြောက်သွေ့လာသည့်အခါ ပုံမှန်အားဖြင့် မယားနိုင်သော အနည်းငယ်မျှသော လှုံ့ဆော်မှုကိုပင် အာရုံခံစားလွယ်လာပြီး တုံ့ပြန်မှုပြုကာ ယားလာပါသည်။

ဥပမာအားဖြင့် ရေချိုးခြင်း၊ ဆပ်ပြာ၊ အေးသောရာသီဥတုနှင့် စိုထိုင်းဆနည်းခြင်းသည် ယားယံခြင်းဖြစ်စေသော တိုက်ရိုက်အကြောင်းရင်းများဖြစ်ပြီး အခြားသော ယားယံစေသည့်လှုံ့ဆော်မှုများမှာ အဝတ်အစားကြောင့် ယားယံခြင်း၊ ခန္ဓာကိုယ်အပူချိန်တိုးခြင်း၊ သွေးကြောကျယ်လာခြင်း၊ ချွေးထွက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းတို့ ပါဝင်ပါသည်။

ဤယားယံမှုနှိုးဆွခြင်းများသည် ယားယံခြင်းကို ကာကွယ်ရန် စစ်ဆေးရမည့် အရေးကြီးသော အချက်များဖြစ်သည့်အတွက် သေချာမှတ်သားထားပါ။

အသက်ကြီးလာခြင်းကြောင့် အရေပြားယားယံခြင်းသည် ပေါင်မှ ညို့သကျည်း၊ ခါးဘေးမှ ကျောပြင်အထိနေရာများ၌ ဖြစ်လွယ်ပါသည်။

အမျိုးသားများတွင် အမျိုးသမီးများထက် ပိုအဖြစ်များပြီး အပူချိန်နှင့် စိုထိုင်းဆနည်းသည့် ဆောင်းရာသီ၌ ပိုဖြစ်တတ်ပါသည်။

တုံ့ပြန်ဆောင်ရွက်ပေးရန် အဓိကအချက်များ

ဆေးများသုံးပေးခြင်းထက် အရေပြားခြောက်သွေ့မှုကို ပိုဆိုးစေသော အကြောင်းရင်းများနှင့် ယားယံခြင်းကို ဖြစ်စေသော လှုံ့ဆော်မှုများကို အရင်ဆုံး ဖယ်ရှားပစ်ရပါမည်။

နေ့စဉ်လူနေမှုဘဝတွင် အောက်ပါတို့ကိုသတိထားသင့်ပါသည် ။

① ရေချိုးခြင်းသည် အရေပြားကို သန့်စင်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေရန် အကြံပြုထားသော်လည်း မကြာခဏ ရေချိုးခြင်း သို့မဟုတ် အကြာကြီး ရေချိုးခြင်းကို ရှောင်ကြဉ်ပါ။

ရေချိုးသည့်အခါတိုင်း ဆပ်ပြာမသုံးရပါ။ သုံးမည်ဆိုပါက ချိုင်းအောက်နှင့် စအို၊ အမျိုးသမီးအင်္ဂါပြင်ပပိုင်းကဲ့သို့သော အစိတ်အပိုင်းများကိုသာ သုံးရပါမည်။

သဘာဝအမျှင်များဖြင့် ပြုလုပ်ထားသော တဘက်ဖြင့် အလွန်အမင်း ပွတ်တိုက်ခြင်းသည်လည်း သိပ်မကောင်းပါ။

ထို့အပြင် ကန့်ဓာတ်ပါသော‌ရေပူစမ်းများနှင့် Yunohana ကဲ့သို့သော ကန့်ဓာတ်ပါသည့်ဆေးများသည် သာမန်အားဖြင့် အရေပြားခြောက်သွေ့မှုဖြစ်စေရန် ကူညီပေးသည့်အတွက် ရှောင်ကြဉ်ရပါမည်။

② အသားအရေ ခြောက်သွေ့နေပါက ရေချိုးပြီးနောက် cold cream သို့မဟုတ် သံလွင်ဆီ လိမ်းပေးပြီး အရေပြားမှ အဆီအမြှေးပါးကို ဖြည့်စွက်ပေးရပါမည်။

တနည်းအားဖြင့် ဈေးကွက်ထဲမှ ယူရီးယားပါဝင်သော လိမ်းဆေးများသည်လည်း အဆင်ပြေပါသည်။

③ အသားနှင့်ကပ်ပြီးဝတ်ရသောအဝတ်အစားများနှင့်ပတ်သက်ပြီး သိုးမွေးထည်များသည် အရေပြားကို စူးတူးတူးဖြစ်အောင် လှုံ့ဆော်ပေးပြီး နိုင်လွန်ထည်များသည် လေဝင်လေထွက်မကောင်းသည့်အပြင် ချွေးထွက်လွယ်သောကြောင့် ၎င်းတို့ကို ရှောင်ကြဉ်ပြီး ချည်ထည်များကိုသာ ပွပွချောင်ချောင် ဝတ်ပေးပါ။

④ လျှပ်စစ်စောင်သည် အသားအရေခြောက်စေသည့်အတွက် အခြေခံအားဖြင့် မသုံးသင့်ပါ။

⑤ အစားအသောက်ကို ပရိုတင်းနှင့် အစိမ်းနှင့် အဝါရောင် အသီးအရွက်များကို လုံလောက်စွာ စားသုံးရန် အကြံပြုလိုသည် (ခြောက်သွေ့သော အသားအရေနှင့် အဆီစားသုံးခြင်းသည် တိုက်ရိုက်ဆက်နွယ်မှုမရှိဘဲ အဆီစားသုံးမှုနည်းသောကြောင့် အသားအရေ ခြောက်သွေ့ရခြင်းမဟုတ်ပါ)။

⑥ ဆောင်းရာသီ၌ အခန်းကို အပူပေးသည့်အခါ အခန်းကို စိုထိုင်းဆရှိစေရန် သတိထားရမည်ဖြစ်ပြီး ချွေးမထွက်သည့် အတိုင်အတိုင်းအတာမျှသာ အခန်းအပူချိန်ထားရပါမည်။

⑦ အရက်နှင့် ဟင်းခတ်အမွှေးအကြိုင်များသည် သွေးကြောများကို ကျယ်စေပြီး ယားယံစေသောကြောင့် အခြေအနေပေါ်မူတည်၍ သောက်သုံးခြင်းကို ရပ်စေပါ။

ဤနည်းလမ်းများကို စမ်းသုံးပြီးနောက် ယားယံခြင်း မရပ်တန့်ပါက ကုသမှုနည်းလမ်းကို ဆုံးဖြတ်ရန် အရေပြားအထူးကုဆရာဝန်နှင့် ပြသသင့်ပါသည်။

ယားယံခြင်းကို မကုသဘဲထားပါက အယားဖုများပေါက်ပြီး ကူးစက်မှုဖြစ်စေခြင်း၊ အိပ်မပျော်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာအရ မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည့်အတွက် အမြန်တုံ့ပြန်ဆောင်ရွက်‌ပေးရန် လိုအပ်ပါသည်။

2. လိင်အင်္ဂါပြဿနာများ

အကြောင်းရင်းနှင့် ရောဂါလက္ခဏာများ

ဝမ်းနှင့် ဆီးမထိန်းနိုင်သော အဖိုးအဖွားများ သို့မဟုတ် ဒိုက်ပါအသုံးပြုသူများသည် ၎င်းတို့၏ လိင်အင်္ဂါများတွင် နီခြင်းနှင့် အနာဖြစ်ခြင်းကဲ့သို့သော ပြဿနာများကို ကြုံတွေ့ရတတ်ပါသည်။

အဖြစ်များဆုံးအကြောင်းရင်းမှာ ဝမ်းနှင့် ဆီးကဲ့သို့သော အညစ်အကြေးများကြောင့် ဖြစ်ပါသည်။

ဝမ်းတွင် ယူရိုဘီလင်၊ အဆီ၊ အစာချေအင်ဇိုင်းများနှင့် ယူရိစ် (ယူရီးယားကိုဖြိုခွဲသောအင်ဇိုင်း) စသည်တို့ ပါဝင်ပါသည်။

အထူးသဖြင့် အစာချေအင်ဇိုင်းများသည် ဝမ်းအမာများထက် ပျော့ပျောင်းသောဝမ်း၊ ဝမ်းလျှောသောဝမ်းစသည့် ရေပုံစံဖြစ်လျှင်ဖြစ်သလောက် သက်ဝင်မှုမြင့်တက်လာကာ အရေပြားအပေါ် လှုံ့ဆော်မှုလည်း ပြင်းထန်လာပါသည်။

အထူးသဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု အများစုမှာ ဘက်တီးရီးယားကြောင့်ဖြစ်ပါသည်။

ထို့အပြင် အစာချေအားမကောင်းသော ဝမ်းများတွင်လည်း အဆီများစွာ ပါဝင်ပါသည်။

ဤနည်းအားဖြင့် အစာချေအင်ဇိုင်းများ၊ အဆီများနှင့် ဘက်တီးရီးယားများ၏ လှုံ့ဆော်မှုကြောင့် အရေပြား၏အပြင်လွှာသည် ယာယီအားဖြင့် နီမြန်းခြင်းစသည့် ထိတွေ့မှုကြောင့် အရေပြားရောင်ရမ်းခြင်း ဖြစ်သည့် ရောဂါလက္ခဏာများ တွေ့ရပါသည်။

အရေပြား၏ pH သည် ပုံမှန်အားဖြင့် အက်စစ်ဓာတ်အပျော့စားဖြစ်ပြီး 5.5 မှ 7.0 အတွင်းရှိကာ ခန္ဓာကိုယ်အား ဓာတုဗေဒဆိုင်ရာ လှုံ့ဆော်မှုအမျိုးမျိုးမှ ကာကွယ်ပေးသော်လည်း ၎င်းသည် ပြင်းထန်သော အယ်ကာလီဓာတ်ကို အတော်လေး ဝင်ရောက်ခံရနိုင်သည့် ဂုဏ်သတ္တိလည်း ရှိပါသည်။

အစာချေအင်ဇိုင်းများနှင့် အူလမ်းကြောင်းမှ အရည်များသည် အရေပြားအတွင်း ဓာတုပြောင်းလဲမှုများကို ဖြစ်စေပြီး ရလဒ်အနေနှင့် ပြဿနာများကို ဖြစ်ပေါ်စေပါသည်။

ဆီး၏ pH သည် အရေပြား၏ pH နှင့်နီးစပ်သော 4.3 မှ 7.5 ရှိသည့် အက်စစ်ဓာတ်အပျော့စားဖြစ်သည့်အတွက် ဆီးကိုယ်တိုင်ကြောင့်ဖြစ်ရသည့်ပြဿနာများ ဖြစ်ပေါ်လာနိုင်ဖွယ်မရှိဟု ယေဘုယျအားဖြင့် ယူဆကြပါသည်။

သို့သော် ဆီးမထိန်းနိုင်ခြင်းကဲ့သို့သော အခြေအနေများကို အချိန်ကြာရှည် မကုသဘဲထားပါက ဆီးထဲမှ ယူရီးယားများသည် လေထဲတွင်ရှိသော ဘက်တီးရီးယားများနှင့် ဝမ်းအတွင်းရှိ ယူရိစ် များကြောင့် ဖြိုခွဲခံလိုက်ရကာ ရလဒ်အနေဖြင့် အမိုးနီးယား (အယ်လ်ကာလိုင်း) အဖြစ်သို့ ပြောင်းလဲသွားပြီး အရေပြားကို လှုံ့ဆော်မှုပြုပါသည်။

ဆီးသည် အယ်လ်ကာလီအဖြစ်ပြောင်းသွားခြင်း၊ ဆီးထွက်ကျထားသည့်အတိုင်း စိုစွတ်သည့်အနေအထားဖြင့်နေခြင်းတို့ကြောင့် ဘက်တီးရီးယားများ အလွယ်တကူ ပေါက်ပွားနိုင်ပါသည်။

တုံ့ပြန်ဆောင်ရွက်ပေးရန် အဓိကအချက်များ

ဝမ်းနှင့် ဆီးကြောင့်ဖြစ်ရသည့် လိင်အင်္ဂါပြဿနာများကို ကာကွယ်ရန် ပထမနည်းလမ်းမှာ ဝမ်းနှင့် ဆီးများကို အရေပြားပေါ်၌ မကျန်ခဲ့စေခြင်းဖြစ်ပါသည်။

ဝမ်းမထိန်းနိုင်သောအခါနှင့် အလွန်ညစ်ပတ်နေသောအခါတွင် လိင်အင်္ဂါကို အနည်းဆုံး 1 ရက်လျှင် 1 ကြိမ် ဆေးကြောပေးရပါမည်။

ရေဆေးခြင်းသည် ရေပတ်တိုက်ခြင်းနှင့်ယှဉ်ပါက ဘက်တီးရီးယားများကို ဖယ်ရှားရာ၌ အကျိုးအာနိသင်ရှိပြီး ဆောင်ရွက်ပြီးနောက်၌လည်း စိတ်ကို ပေါ့ပါးလန်းဆန်းစေပါသည်။

သန့်ရှင်းရေးလုပ်သည့်အခါ အညစ်အကြေးတွေကို သေချာဖယ်ရှားပြီး အနံ့အသက်ဆိုးများမဖြစ်အောင် ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးရည်များသုံးပါက အဆင်ပြေစေနိုင်ပါသည်။

အကျိအချွဲအမြှေးပါးကို အလွယ်တကူ ပျက်စီးစေသောကြောင့် တဘက်စသည်တို့ဖြင့် ညင်သာစွာ ဆေးရပါမည်။

ရေဆေးပြီးနောက်တွင် အစိုဓာတ်ကို သေချာသုတ်ပြီး လိင်အင်္ဂါကို ခြောက်အောင်ထားရန်မှာ အရေးကြီးပါသည်။

လက်ခြောက်ခံစက်သုံးပြီး အခြောက်ခံသည့်နည်းလမ်းလည်းရှိပါသည်။

အသားအရေကို ကာကွယ်ရန်အတွက် သံလွင်ဆီကဲ့သို့ တစ်ခုခုကို လိမ်းပေးနိုင်ပါသည်။


အပိုင်း 3 ရေချိုးခြင်း

ရေချိုးခြင်းသည် ခန္ဓာကိုယ်ကို သန့်စင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

အချို့အဖိုးအဖွားများသည် ကရိကထများသောကြောင့် တော်တော်နှင့် ရေမချိုးလိုသူများလည်းရှိသကဲ့သို့ ရေချိုးရသည်ကိုကြိုက်သော်လည်း ရောဂါကြောင့် မချိုးနိုင်သည့်သူများလည်း ရှိပါသည်။

ဤအပိုင်းတွင် ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်အပေါ်သက်ရောက်မှုများနှင့်ပတ်သက်ပြီး ရှင်းပြပေးသွားပါမည်။

ရေချိုးခြင်း၏ အမျိုးမျိုးသော အကျိုးသက်ရောက်မှုများကို သိရှိခြင်းဖြင့် ကျွန်ုပ်တို့သည် အဖိုးအဖွားများ၏ ခန္ဓာကိုယ်ကို ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်စေဘဲ ရေချိုးခြင်း၏အကျိုးအာနိသင်ကို အမြင့်ဆုံးဖြစ်စေသော ဂရုစိုက်မှုကို ပေးစွမ်းနိုင်ပါသည်။

ထို့အပြင် သွေးတိုးရောဂါရှိသူများအတွက် ရေချိုးသည့်အခါ သတိထားရမည့်အချက်များကိုလည်း သိနိုင်ပါသည်။


① ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်အပေါ်သက်ရောက်မှုများ

ရေချိုးခြင်းသည် ခန္ဓာကိုယ်ကို သန့်စင်စေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

ရေချိုးပြီးနောက်ရှိ လန်းဆန်းသည့်ခံစားမှုသည် ထူးခြားပြီး ဂျပန်လူမျိုးများ၏ နေ့စဉ်ဘဝတွင် မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ရေချိုးခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုအမျိုးမျိုးရှိစေပါသည်။

1. အပူသက်ရောက်မှု

ရေချိုးသည့်ရေ၏ အပူချိန်သည် ကြိုက်နှစ်သက်မှုအပေါ် မူတည်၍ ကွဲပြားသော်လည်း ယေဘုယျအားဖြင့် ရေနွေးနွေး (40 မှ 42 ဒီဂရီစင်တီဂရိတ်) ဖြင့် ရေချိုးပါက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးပြီး ချွေးများ ပိုမိုချောမွေ့စွာ အငွေ့ပျံသွားကာ အသားအရေကို ကောင်းမွန်စွာလည်ပတ်မှုပြုစေနိုင်ပါသည်။ ထို့ကြောင့် ပေါ့ပါလန်းဆန်းသည့် ခံစားချက်ကို ရရှိစေနိုင်ပါမည်။

ထို့အပြင် အရေပြားရှိ ဆံချည်မျှင်သွေးကြောများ ပွင့်လာပြီး အရေပြား၏ သွေးစီးဆင်းမှု သိသိသာသာ တိုးလာကာ နွေးထွေးသော သွေးများကို လည်ပတ်စေပြီး အပူကို ရွေ့လျားစေသည့်အတွက် ခန္ဓာကိုယ် တစ်ခုလုံးကို ပူနွေးစေပါသည်။

ထို့အပြင် သွေးလည်ပတ်မှု တိုးမြင့်လာခြင်းကြောင့် ကြွက်သားများသက်ဝင်လှုပ်ရှားလာခြင်းအားဖြင့် ဖြစ်ပေါ်သည့် လက်တစ်အက်ဆစ်နှင့် အခြားဇီဝဖြစ်စဉ်ပစ္စည်းများကို ဖယ်ရှားပေးကာ ကြွက်သားပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်မှုကို သက်သာစေပါသည်။

အရိုးအဆစ် တောင့်တင်းမှုကိုလည်း လျှော့ချပေးပါမည်။

ရေချိုးနေစဉ်နှင့် ရေချိုးပြီးနောက် 1 နာရီမှ 2 နာရီအတွင်း နာကျင်ကိုက်ခဲခြင်းများ၊ တောင့်တင်းမှုများကို သက်သာပျောက်ကင်းစေပါသည်။

ကြက်သီးနွေးရေ (38~40 ဒီဂရီစင်တီဂရိတ်) တွင်စိမ်သောအခါ parasympathetic အာရုံကြောစနစ်၏ လုပ်ဆောင်ချက်များ ထူးကဲလာပါမည်။

အစွန်အဖျားမှ သွေးကြောများ ကျယ်လာခြင်းသည် နှလုံးအတွက် ဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေပြီး သွေးပေါင်ချိန်ကို ကျဆင်းစေပါသည်။

စွမ်းအင်သုံးစွဲမှုကိုလည်း လျော့နည်းစေကာ နှလုံးလုပ်ဆောင်ချက်ကို ဖိနှိပ်ထားကာ အလွန်အကျွံ စိတ်ခံစားမှုများကို ငြိမ်သက်စေသည် (ဇယား 3-1 ဇယား 3-1)။

အပူ၏အပူချိန်မှာ 42 ဒီဂရီစင်တီဂရိတ်နှင့်အထက်ဖြစ်ပါသည်။

ဂျပန်လူမျိုးများသည် ခန့်မှန်းခြေအားဖြင့် အပူချိန် 42 မှ 43 ဒီဂရီစင်တီဂရိတ်ကို နှစ်သက်ကြသည်ဟုဆိုပါသည်။

အပူချိန် 42 ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိသော ရေနွေးထဲသို့စိမ်ပါက စိမ့်ကနဲအေးကာတုန်လာပြီး အရေပြားများ ဖြူလာကာ ကြက်သီးထလာပါမည်။

အကြောင်းမှာ ရေချိုးခြင်းအစတွင် sympathetic အာရုံကြော သည် တင်းမာလာပြီး အရေပြားသွေးကြောများ ကျဉ်းလာသောကြောင့်ဖြစ်ပါသည်။

ဤယာယီ သွေးကြောကျုံ့ခြင်းအားဖြင့် သွေးဖိအားကိုတိုးလာစေပါသည်။

ထို့အပြင် အရေပြားရှိ သွေးကြောများ ကျုံ့လာသောအခါ သွေးများသည် ရုတ်တရက် နှလုံးသို့ ပြန်ရောက်သွားသောကြောင့် နှလုံးအပေါ် ဝန်ပိစေပါသည်။

ရေချိုးချိန်အစပိုင်း သွေးပေါင်ချိန်မြင့်တက်မှုသည် ရေနွေးထဲသို့စိမ်ပြီးနောက် 2 မိနစ်အကြာတွင် ခန့်မှန်းခြေ 20 မှ 30 mmHg ခန့်ရှိပြီး သွေးတိုးရောဂါရှိသူများတွင် 50 mmHg အထိတက်လာနိုင်ပါသည်။

ထို့ကြောင့် ရေနွေးသည် သွေးတိုးရှိသူများအတွက် အန္တရာယ်ရှိပါသည်။

ယင်းနောက် ပူနွေးသောရေကြောင့် အရေပြားနီလာပါက သွေးပေါင်ချိန် တဖြည်းဖြည်း ကျဆင်းလာပါမည်။

ပုံ 3 ပုံ 3 နှင့် 4 တွင် 42 ဒီဂရီစင်တီဂရိတ်ရှိသည့်ရေနွေးဖြင့်ရေချိုးသောအခါနှင့် 40 ဒီဂရီစင်တီဂရိတ်ရှိသည့်ရေနွေးဖြင့်ရေချိုးသောအခါတို့ရှိ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်း အတက်အကျများကို ဖော်ပြထားပါသည်။ ပုံ 4 ပုံ 4

42 ဒီဂရီစင်တီဂရိတ်ရှိသည့်ရေနွေးဖြင့်ရေချိုးသောအခါရှိ သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်းအတက်အကျသည် 40 ဒီဂရီစင်တီဂရိတ်ရှိသည့်ရေနွေးဖြင့်ရေချိုးခြင်းနှင့်ယှဉ်ပါက ပိုများသည်ကို သိနိုင်ပါသည်။

ရေခပ်နွေးနွေးသည် ခန္ဓာကိုယ်အပေါ် လှုံ့ဆော်မှုနည်းသည့်အတွက်ကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ကြက်သီးနွေးရေသည် အဖိုးအဖွားများနှင့် သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ နှလုံးရောဂါရှိသူများအတွက် အထူးသင့်လျော်ပါသည်။

ထို့အပြင် အိပ်ရာမဝင်မီ သို့မဟုတ် စိတ်လှုပ်ရှားတက်ကြွနေချိန်တွင် ကြက်သီးနွေးရေ (38~40 ဒီဂရီစင်တီဂရိတ်) ဖြင့် ရေချိုးခြင်းသည် အကျိုးအာနိသင်ရှိပါသည်။

ရေချိုးသည့်အခါ ပူခြင်းအေးခြင်း မခံစားရသည့် အပူချိန်ကို “ခံစားချက်မရှိစေသည့် အပူချိန်” ဟု ခေါ်ပါသည်။

ခန္ဓာကိုယ်အပူချိန်နီးပါးရှိသော အပူချိန်ဖြစ်ပြီး 36 ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။

ဤအပူချိန်တွင် ရေချိုးခြင်းသည် စွမ်းအင်သုံးစွဲမှုနည်းပြီး နှလုံးကို ဖိစီးမှုနည်းစေပါသည်။

ရေနွေး သို့မဟုတ် ခံစားချက်မရှိစေသည့် အပူချိန်တို့ထက် အတက်အကျရှိပါက ရှိသလောက် ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ကြီးစေခြင်းဖြစ်ပါသည်။

ထို့အပြင် အပူသည် ကျောက်ကပ်အတွင်းရှိ သွေးကြောများကို ကျယ်စေကာ ဆီးထွက်နှုန်းကို ကောင်းမွန်စေပြီး အညစ်အကြေးများကို ဆီးမှတစ်ဆင့် ခန္ဓာကိုယ်ပြင်ပသို့ လျင်မြန်စွာ စွန့်ထုတ်နိုင်စေပါသည်။

ထို့အပြင် ရေချိုးခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းရှိ သွေးကြောများ ကျဉ်းလာသည့်အတွက် သွေးစီးဆင်းမှုလျော့နည်းလာပြီး အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှုကို အားနည်းစေကာ အစာချေရည်များ အထွက်နည်းလာသည့်အတွက် အစာစားပြီးပြီးချင်း ရေချိုးခြင်းသည် အစာချေဖျက်ခြင်းကို ထိခိုက်စေပါသည်။

အစာစားပြီးနောက် 1 နာရီကျော်ကြာပြီးမှ ရေချိုးရန်အကြံပြုပါသည်။

2. hydrostatic pressure (ရေ၏ကိုယ်ထည်အတွင်း တိကျသော အနက်မှ ကြုံတွေ့ရသော ဖိအား)လုပ်ဆောင်ချက်

ခန္ဓာကိုယ်ကို စိမ်ကန်ထဲသို့စိမ်လိုက်ပါက ရေမျက်နှာပြင်မှစ၍အောက်အထိ အနက်နှင့် အချိုးအစားအလိုက် ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်သို့ ဖိအားသက်ရောက်ပါသည်။

ရိုးရိုးရေချိုးလျှင်ပင် လည်ပင်းအထိ သေသေချာချာ စိမ်ထားပါကခြေထောက်၏လုံးပတ်တွင် 1 စင်တီမီတာခန့်၊ ဗိုက်ပတ်လည်သည် 3~5 စင်တီမီတာ၊ နံရိုးများဖြင့် ဝိုင်းရံထားသော ရင်ဘတ်ပတ်လည်တွင်ပင် 1~3 စင်တီမီတာ ကျုံ့သွားပါသည်။

ဗိုက်ပတ်လည်သည် 3~5 စင်တီမီတာ ကျုံ့သွားသည့်အတွက် ဝမ်းခေါင်းသားသည် အပေါ်သို့တွန်းပို့ခံလိုက်ရပြီး အဆုတ်အတွက် နေရာနည်းသွားကာ လေပမာဏ လျော့နည်းသွားပါမည်။

၎င်းကို ဖြည့်စွက်ရန်အတွက် အသက်ရှူနှုန်း တိုးလာပါမည်။

ထို့အပြင် ရေဖိအားပေါ်မူတည်ပြီး သွေးကြောများနှင့် လင့်ကြောများကို ဖိအားဖြင့်ကျုံ့စေကာ သွေးနှင့်လင့်ရည်တို့ကို နှလုံးထံသို့ တစ်ပြိုင်နက်တည်း ပြန်လည်ပေးပို့သည့်အတွက် နှလုံးလုပ်ဆောင်ချက်ကို တက်ကြွလာစေပါသည်။

ထို့ကြောင့် အိမ်တွင်ရေချိုးသည့်အခါ၌ပင် လည်ပင်းအထိ စိမ်မည်ဆိုပါက နှလုံး တဒုတ်ဒုတ်ခုန်လာပြီး ဖိအားများခံစားရကာ အသက်ရှူလည်း အနည်းငယ်ကြမ်းတမ်းလာမည်ဖြစ်ပါသည်။

နှလုံး သို့မဟုတ် အဆုတ်ရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ အဖိုးအဖွားများသည် hydrostatic pressure ၏သက်ရောက်မှုကို တတ်နိုင်သရွေ့ လျှော့ချရန် ရင်ဘတ်နားအထိသာရေထဲသို့စိမ်သည့်ပုံစံသည် သင့်လျော်ပါသည်။

အနောက်တိုင်းပုံစံ ရေစိမ်ကန် သို့မဟုတ် ရေစိမ်ကန်၏အစွန်ကို ခေါင်းအုံးပုံလုပ်ထားပြီး ခန္ဓာကိုယ်မျောနေစေသည့်ပုံစံဖြင့် ရေချိုးရန် အကြံပြုပါသည်။

ထို့အပြင် ရေလယ်ဗယ်ကို ရင်ဘတ်လိုင်းအထိသာ ထားသည့် ကိုယ်တစ်ပိုင်းရေချိုးခြင်းနှင့် ရေပန်းဖြင့်ရေချိုးခြင်းသည်လည်း သင့်လျော်ပါသည်။

3. ဖော့ဂုဏ် (buoyancy)၏ သက်ရောက်မှု

ရေချိုးခြင်းတွင် ဖော့ဂုဏ်ဟုခေါ်သော ဖြစ်စဉ်တစ်ခု ပါဝင်ပါသည်။

အာခီမီးဒီးစ်နိယာမဟု လူသိများကြသည့်အတိုင်း အရာဝတ္ထုတစ်ခုကို ရေထဲသို့ထည့်လိုက်သောအခါ အဆိုပါ အရာဝတ္ထု၏ ထုထည်နှင့်ညီမျှသော ရေအလေးချိန်သာရှိတော့မည်ဖြစ်ပြီး အဆိုပါအရာဝတ္ထု၏အလေးချိန်ပေါ့လာသည်ဟူသော ဖြစ်စဉ်ဖြစ်ပါသည်။

ဥပမာအားဖြင့် ကိုယ်အလေးချိန် 60 ကီလိုဂရမ်ရှိသည့်လူတစ်ဦးသည် လည်ပင်းအထိ ရေစိမ်လိုက်ပါက ‌ဖော့ဂုဏ်အလုပ်လုပ်ခြင်းကြောင့် ရေထဲရှိအလေးချိန်သည် 6.1 ကီလိုဂရမ်ဖြစ်သွားပြီး ထိုသူ၏ ကိုယ်အလေးချိန်၏ ခန့်မှန်းခြေ 10 ပုံ 1 ပုံ 1 ပုံဖြစ်သွားကာ လွန်စွာ ပေါ့သွားပါသည်။

၎င်းသည် ကြွက်သားအကြောသေနေခြင်းစသည်တို့ကြောင့် ကြံ့ခိုင်မှု လျော့နည်းနေသူများအတွက် အလွန်အဆင်ပြေပါသည်။

လေထုထဲတွင် အား‌ပျော့နေသည့်အတွက် မလှုပ်ရှားနိုင်သော ခြေလက်တို့ကို ရေချိုးနေစဉ်အတွင်း ရေထဲ၌ မကြာခဏ လှုပ်ရှားစေနိုင်ပြီး လေဖြတ်ထားသော ခြေလက်တို့ ပြန်လည်သန်စွမ်းလာစေရန် လေ့ကျင့်ရာ၌ ကြီးကြီးမားမား အသုံးတည့်စေပါသည်။

4. စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်

ရေချိုးရန်အတွက် ကိုယ်လုံးတီးချွတ်ခြင်းသည် လွတ်လပ်သည့်ခံစားချက်ဖြစ်စေသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ဖြေဖျောက်ရန် အသုံးဝင်ပါသည်။

ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏ခန္ဓာကိုယ်များသည် အဝတ်အစားများဖြင့် ချုပ်နှောင်ထားသောကြောင့် ယင်းအဝတ်အစားများကို ဖယ်ရှားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သက်သောင့်သက်သာရှိစေပါသည်။

ကြက်သီးနွေးရေဖြင့် အေးအေးဆေးဆေး ရေချိုးလိုက်သည့်အခါ parasympathetic အာရုံကြောများ နိုးကြားလာပြီး စိတ်လက်ပေါ့ပါးစေကာ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများကို ဖယ်ရှားနိုင်ပါမည်။

ထို့အပြင် ရေနွေးဖြင့်ရေချိုးခြင်းသည် sympathetic အာရုံကြောများ နိုးကြားလာပြီး တင်းမာလာသည့်အတွက် စိတ်ခံစားချက် လန်းဆန်းတက်ကြွစေရန်အတွက် ရေနွေးဖြင့် ရေချိုးသင့်ပါသည်။

ဤကဲ့သို့သောအားဖြင့် ရေချိုးသည့်အပူချိန်ကြောင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ပြောင်းလဲပါသည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရေချိုးခြင်းသည် ခန္ဓာကိုယ်အတွက် အမျိုးမျိုးသော အကျိုးသက်ရောက်မှုများရှိစေပါသည်။

ရေချိုးခြင်းမှဖြစ်ပေါ်သည့်သက်ရောက်မှုသည် ရေချိုးသည့်အချိန်ရှိ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အကျိုးအာနိသင်ရှိရှိ လုပ်ဆောင်ချက်ပြုကာ တစ်ခါတရံတွင် အန္တရာယ်ပါ အတူတွဲပါလာခြင်းမျိုးလည်း ရှိတတ်ပါသည်။


② ရေချိုးရန် ပြုစုစောင့်ရှောက်ခြင်း

1. ရေချိုးခြင်း၏ အကျိုးအာနိသင်နှင့်အန္တရာယ်များ

ရေချိုးခြင်းသည် စိတ်နှင့် ခန္ဓာကိုယ်အပေါ် အမျိုးမျိုးသော အကျိုးအာနိသင်ရှိစေပါသည်။

ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်ကို သန့်ရှင်းစေပြီး တစ်ကိုယ်လုံးကို နွေးထွေးစေကာ သွေးလည်ပတ်မှုကို မြှင့်တင်ပေးပြီး လေဖြတ်နေသော ခြေလက်အင်္ဂါများ၏ လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် အသုံးဝင်စေသည့် အကျိုးအာနိသင်ရှိပါသည်။

ထို့အပြင် စိတ်ပေါ့ပါးလန်းဆန်းစေပြီး စိတ်ဖိစီးမှုကို ဖြေ‌ဖျောက်ရာ၌ အသုံးဝင်ခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာကဏ္ဍ၌ အကျိုးအာနိသင်များစွာကို ရရှိစေပါသည်။

သို့သော် ရေချိုးခြင်းသည် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်သည့်အခါများလည်း ရှိပါသည်။

ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု ဆုံးရှုံးခြင်း၊ ရေပူဖြင့်ရေချိုးပြီးနောက်ခန္ဓာကိုယ်ချမ်းတုန်လာခြင်းကြောင့်ဖြစ်ရသည့် အအေးမိခြင်း၊ နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်း၊ အပူပြန်ခြင်းစသည်တို့နှင့် လဲကျခြင်း၊ ရေနစ်ခြင်းစသည့် မတော်တဆမှုများ ဖြစ်ပွားနိုင်ပါသည်။

ယင်းတို့ကို ကာကွယ်ရန် သတိပြုရမည့်အချက်များ များစွာ လိုအပ်ပါသည်။

သတိပြုရမည့်အချက်များကိုလိုက်နာပြီး ဘေးကင်းစွာဖြင့် ရေချိုးနိုင်ရန်အတွက် ပြုစုစောင့်ရှောက်သည့်နည်းလမ်းများ တတ်မြောက်ထားရန်မှာ အရေးကြီးပါသည်။

2. ရေချိုးရန် ပြုစုစောင့်ရှောက်ရာ၌ သတိပြုရမည့်အချက်များ

ပတ်ဝန်းကျင်ကို ဖြည့်ဆည်းပြင်ဆင်ခြင်း

ဆောင်းရာသီတွင် အလွယ်တကူ အအေးမိနိုင်သောကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းပေးရန်အတွက် အဖိုးအဖွားများအား ရေချိုးပေးခြင်းကို တတ်နိုင်သရွေ့ နေ့လယ်နေ့ခင်း ပူနွေးသည့်အချိန်အပိုင်းအခြားကိုသာ ရွေးချယ်ရပါမည်။

ထို့အပြင် အဝတ်လဲခန်းကို လျှပ်စစ်ဟီတာစသည်တို့ဖြင့် ကြိုတင်အပူပေးပြီး (24 ဒီဂရီ စင်တီဂရိတ်ခန့်)၊ ရေချိုးခန်းကိုလည်း ရေနွေးငွေ့ဖြင့် အလုံအလောက် အပူပေးထားရန်(24 ဒီဂရီ စင်တီဂရိတ်ခန့်) လိုအပ်ပါသည်။

အဘယ်ကြောင့်ဆိုသော် ရေချိုးနေသည့်အချိန်နှင့် ရေချိုးပြီးနောက်ရေချိုးခန်းမှထွက်လာချိန်တို့ရှိ အပူချိန်ကွာခြားချက်ကြီးမားပါက sympathetic အာရုံကြောကို တင်းမာစေသည့်အတွက် သွေးပေါင်ချိန်ရုတ်တရက်မြင့်တက်စေနိုင်သောကြောင့် ဖြစ်ပါသည်။

ဘေးကင်းသော ရေချိုးနည်းများဖြင့် ကူညီပေးခြင်း

ရေနွေး၏အပူချိန်သည် 40 ဒီဂရီစင်တီဂရိတ်ဝန်းကျင်ဖြစ်သင့်ပြီး ရေချိုးသည့်ကြာချိန်သည် 15 မိနစ်ခန့်ရှိသင့်ပါသည်။

ရေချိုးရာရှိ အပူသက်ရောက်မှုကြောင့် သွေးပေါင်ချိန်အတက်အကျဖြစ်သော်လည်း သာမန်အားဖြင့် အဖိုးအဖွားများတွင် သွေးပေါင်ချိန်အတက်အကျကို ထိန်းညှိနိုင်မှု ကျဆင်းနေသည့်အတွက် ရေချိုးခြင်းကြောင့် သွေးပေါင်ချိန်အတက်အကျဖြစ်ခြင်းသည် လူငယ်များထက် ပိုများပါသည်။

အပူချိန်မြင့်သည့် ရေနွေးထဲတွင် အကြာကြီးစိမ်နေပါက ပြင်းထန်သည့် လေ့ကျင့်ခန်းလုပ်ပြီးနောက်ကဲ့သို့ဖြစ်သော နှလုံးခုန်နှုန်းနှင့် နှလုံးမှသွေးပို့လွှတ်မှုပမာဏတို့ တိုးလာခြင်း၊ သွေးပေါင်ချိန် သိသိသာသာတက်လာခြင်းတို့ဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှုလည်း ပြင်းပြင်းထန်ထန် ကျန်ခဲ့မည်ဖြစ်သည့်အတွက် ကျန်းမာရေးအရ ပို၍ပင် အန္တရာယ်ဖြစ်စေနိုင်ပါသည်။

အခြားတစ်ဖက်တွင် ကြက်သီးနွေးရေထဲတွင် အချိန်ကြာမြင့်စွာ ရေစိမ်မည်ဆိုပါက parasympathetic အာရုံကြောများ နိုးကြားလာပြီး သွေးပေါင်ချိန် ကျဆင်းလာပါမည်။

ထို့ကြောင့် ရေစိမ်ကန်မှ ထွက်သည့်အချိန်၌ မတ်တပ်ရပ်ခြင်းကြောင့် ခေါင်းမူးခြင်းအပြင် လဲကျခြင်းတို့ဖြစ်နိုင်သည့် အန္တရာယ်များလည်းရှိသည့်အတွက် ကြက်သီးနွေးရေပင်ဖြစ်စေ အချိန်ကြာမြင့်စွာ ချိုးခြင်းမှ ရှောင်ကြဉ်ပါ။

ထို့အပြင် ပြုစုစောင့်ရှောက်သူများသည် ရေချိုးနေစဉ်အတွင်း အဖိုးအဖွားများကို ကြည့်ရှုစောင့်ရှောက်ပေးပြီး လဲကျခြင်းစသည့် အန္တရာယ်များကို ကာကွယ်ပေးပါ။

ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် အစီအမံများ ပြုလုပ်ခြင်း

ရေချိုးခန်းများသည် ကြွေပြားစသည်တို့ကြောင့် ချော်လဲလွယ်သည့်အတွက် ချော်မလဲအောင်ထိန်းပေးသည့်အခင်း ခင်းခြင်း၊ လိုအပ်သည့်နေရာများတွင် သင့်လျော်သောအမြင့်ရှိသည့် လက်ရန်းများတပ်ဆင်ခြင်း စသည့်ဖန်တီးမှုများပြုလုပ်ပြီး အဖိုးအဖွားများကို ဘေးကင်းစွာရေချိုးနိုင်စေရန်အတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။

ရေပူဖြင့်ရေချိုးပြီးနောက်ခန္ဓာကိုယ်ချမ်းတုန်လာခြင်းကို ကြိုတင်ကာကွယ်ခြင်း

ရေချိုးပြီးနောက် ရေချိုးခန်းသုံးတဘက်ဖြင့် သေသေချာချာရေသုတ်ရန် အရေးကြီးပါသည်။

ခန္ဓာကိုယ်ပေါ်၌ ရေစက်များကျန်နေပါက အငွေ့ပျံသွားသည့်အခါ ခန္ဓာကိုယ်မှ အပူများကို ထုတ်ယူသွားသည့်အတွက် ရေပူဖြင့်ရေချိုးပြီးနောက်ခန္ဓာကိုယ်ချမ်းတုန်လာခြင်းဖြစ်စေပါသည်။

ထို့အပြင် ရေချိုးပြီးနောက် ကိုယ်လုံးတီးအတိုင်း အအေးခံခြင်း၊ ချွေးမထွက်စေရန်အတွက် ယပ်တောင်ဖြင့် အချိန်ကြာမြင့်စွာ ယပ်ခတ်ခြင်းတို့ လုပ်ပါက သွေးကြောများကျယ်လာနေသည့်အချိန်အတွင်း ခန္ဓာကိုယ်အပူချိန် အလွန်လျင်မြန်စွာ စုပ်ယူခံလိုက်ရပြီး ခန္ဓာကိုယ်အပူချိန်ထိန်းညှိရန် အချိန်မမီတော့သည့် အခြေအနေလည်း ဖြစ်ပွားနိုင်ပါသည်။

ရေချိုးပြီးနောက် ခန္ဓာကိုယ်အပူချိန်ကို ထိန်းရန်အတွက်လည်း အပြည့်အဝ ထည့်သွင်းစဉ်းစားရပါမည်။

ရေဓာတ်ဖြည့်တင်းပေးခြင်း

၎င်းတို့အပြင် ရေချိုးသည့်အချိန်၌ ချွေးထွက်ခြင်းကြောင့် သွေးပျစ်မှုတိုးလာသည့်အတွက် ရေချိုးပြီးနောက်တွင် ရေဓာတ်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။

3. လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်၏ အဓိကအချက်များ (ကိုယ်တစ်ခြမ်းလေဖြတ်နေသည့် အဖိုးအဖွားများကို ပြုစုစောင့်ရှောက်ခြင်း)

ရေချိုးခန်းကို ဘေးကင်းမှုရှိစေရန်အတွက် ပတ်ဝန်းကျင်ဖြည့်ဆည်းခြင်း

ရေချိုးခန်းသည် ချော်လဲသည့်မတော်တဆမှုများ ဖြစ်ပွားလွယ်သည့်နေရာဖြစ်ပါသည်။

ရေချိုးရာတွင် ဘေးကင်းစွာ ရေချိုးနိုင်စေရန် ဖန်တီးပါမည် (ပုံ 5) (ပုံ 5)

တည်ငြိမ်မှုရှိသော ခန္ဓာကိုယ်အနေအထားဖြင့် ဝင်နိုင်ရန်အတွက် ရေစိမ်ကန်ဘေးတွင် အမြင့်တူသော စင် သို့မဟုတ် ထိုင်ခုံ ထားပါမည်။

ထို့အပြင် ရေချိုးကန်အတွင်း ရေချိုးရာ၌သုံးသောဘုတ်ပြားကို ဖြတ်ခင်းပြီး ခြေထောက်ချထိုင်နိုင်စေရန် လုပ်ပါမည်။

ရေချိုးကန်အတွင်း အဝင်အထွက်လုပ်သည့်အချိန်နှင့် မတ်တပ်ထရပ်သည့်အချိန်တို့တွင် လက်ရန်းကိုသုံးပါမည်။

သန်သည့်လက်နှင့် ရေချိုးခန်း၏ လုပ်ဆောင်ချက်တို့ ပေါင်းစပ်ပြီး တပ်ဆင်ရပါမည်။

ခန္ဓာကိုယ်ကို ဆေးကြောသန့်ရှင်းသည့်အခါ ထိုင်ခုံ၌ထိုင်ခြင်းသည် သက်သာပါသည်။

အထိုက်အလျောက်မြင့်သောဘုတ်ပြားသည် မတ်တပ်ရပ်ရလွယ်ကူစေပြီး တည်ငြိမ်မှုလည်း ရှိစေပါသည်။

ဆေးကြောသန့်ရှင်းပေးသည့်နေရာသည် အလွယ်တကူ ချောနိုင်ပါက မချော်အောင်ထိန်းပေးသည့်အခင်းကို ခင်းရပါမည်။

ရေချိုးကန်၏အောက်ခြေတွင် မချော်နိုင်သော အခင်းကို မပျက်မကွက် သုံးပါ။

ပြုစုစောင့်ရှောက်သူသည် လေဖြတ်နေသည့်ဘက်၌နေပြီး အဖိုးအဖွားများ၏ခန္ဓာကိုယ်ကို ထူပေးရပါမည်။

ပြုစုစောင့်ရှောက်သူသည် အဖိုးအဖွားများထံမှ အကြည့်လွှဲ၍ မရပါ။

လေဖြတ်နေသောဘက်၌နေပြီး အဖိုးအဖွားများ၏ခန္ဓာကိုယ်ကို ထောက်ကူပေးရင်းဖြင့် ခေါင်းလျှော်ခြင်းစသည့် ပြုစုစောင့်ရှောက်မှုများ လုပ်ရပါမည်။

အဖိုးအဖွားများကိုယ်တိုင်လုပ်နိုင်သည့်ကိစ္စဖြစ်ပါက ကိုယ်တိုင်လုပ်စေရပါမည်။

ပြုစုစောင့်ရှောက်သူသည် အဖိုးအဖွားများနှင့် ပြောဆိုဆက်ဆံမှုပြုရင်းဖြင့် ဆက်လုပ်သွားရပါမည်။


အပိုင်း 4 ရေပတ်တိုက်ခြင်း

အဖိုးအဖွားအများစုအတွက် ရေနွေးလုံလုံလောက်လောက်ထည့်ထားသော ရေစိမ်ကန်ထဲသို့ဝင်ခြင်းသည် “ပျော်ရွှင်မှု”တစ်ခုပင် ဖြစ်ပါသည်။

သို့သော်လည်း ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းမှု သို့မဟုတ် ရောဂါကြောင့် ရေမချိုးနိုင်သည့် အချိန်များလည်း ရှိနိုင်ပါသည်။

ဤကဲ့သို့သောအခြေအနေမျိုးတွင် ခန္ဓာကိုယ်ကိုသုတ်သင်ပေးပြီး သန့်ရှင်းမှုကို ထိန်းသိမ်းနိုင်သော်လည်း ထိုအချိန်၌ အဖိုးအဖွားများ ရေချိုးခြင်းနှင့်အလားတူသော “ပေါ့ပါးလန်းဆန်းမှု” ခံစားရစေမည့် ပြုစုစောင့်ရှောက်မှုမျိုးပေးရန် အရေးကြီးပါသည်။

ထို့အပြင် ရေပတ်တိုက်ခြင်းသည် ပြုစုစောင့်ရှောက်သူများအနေနှင့် အဖိုးအဖွားများ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြည့်ရှုစစ်ဆေးနိုင်မည့် ကြီးမားသော အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။

ဤအပိုင်းတွင် ရေပတ်တိုက်ခြင်း၏အကျိုးကျေးဇူးများကို ဦးစွာဖော်ပြပြီး ယင်းနောက်တွင် ရေပတ်တိုက်နည်းနှင့်ပတ်သက်ပြီး ရှင်းပြ‌ပေးပါမည်။


① ရေပတ်တိုက်ခြင်း၏အကျိုးကျေးဇူးများ

ရေပတ်တိုက်ခြင်းဆိုသည်မှာ ပူနွေးသောရေနှင့် ဆပ်ပြာတို့ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်တိုက်ပြီးနောက်တွင် တဘက်အ‌ခြောက်ဖြင့် သုတ်ပေးသည့်နည်းလမ်းဖြစ်ပါသည်။

ဤကဲ့သို့လုပ်ဆောင်ခြင်းတွင် အရေပြားကို သန့်ရှင်းအောင်လုပ်ခြင်းနှင့် အပူချိန်လုပ်ဆောင်ချက်၊ ပွတ်တိုက်မှုတို့ ပေါင်းစပ်ပါဝင်ပါသည်။

ပွတ်တိုက်သည့် အကျိုးရလဒ်သည် အရေပြားအောက်မှ တစ်သျှူးများနှင့် အတွင်းပိုင်းတစ်ရှူးများအထိ ပျံ့နှံ့သွားပြီး အောက်ပါကဲ့သို့သော အကျိုးထိရောက်မှုများ ရှိစေပါသည်။

① အရေပြားမှ သွေးကြောများကို လှုံ့ဆော်ပေးပြီး သွေးစီးဆင်းမှုကို တိုးစေပါသည်။

② ပွတ်တိုက်ပေးခြင်းအားဖြင့် ကြွက်သားများကို အပျော့စား လှုပ်ရှားစေသည့် အနေအထားဖြစ်စေပြီး ဤကဲ့သို့သောအားဖြင့် ကြွက်သားများရှိ သွေးကြောများကို ကျယ်စေကာ သွေးလည်ပတ်မှုကို တိုးစေပါသည်။

③ အရေပြားနှင့် ကြွက်သားများဆီသို့ သွေးစီးဆင်းရန် လှုံ့ဆော်ခံရသည့်အခါ ကိုယ်တွင်းအင်္ဂါများ၏ သွေးစီးဆင်းမှုသည် အတိုင်းအတာတစ်ခုအထိ ဆုံးရှုံးနိုင်ပါသည် (ထို့ကြောင့် ရေပတ်တိုက်ခြင်းကို အစာမစားမီနှင့် အစာစားပြီးနောက် 1 နာရီအတွင်း ရှောင်ကြဉ်ရန် အရေးကြီးပါသည်)။

④ သွေးစီးဆင်းမှု တိုးလာခြင်းသည် သွေးကြော၏အချင်း ကျဉ်းလိုက်ကျယ်လိုက်ဖြစ်ခြင်းကို မြှင့်တင်ပေးခြင်းဖြစ်ပြီး ၎င်းကို အသင့်အတင့် ထပ်ခါတလဲလဲ ပြုလုပ်စေပါက အလိုအလျောက်ဖြစ်စဉ်များအား ညှိနှိုင်းထိန်းချုပ်ပေးသောဦးနှောက်နှင့်အာရုံကြောအဖွဲ့မှ လှည့်ပတ်မှုထိန်းချုပ်ပေးသည့်လုပ်ဆောင်ချက်ကို မြှင့်တင်ရာ၌ အသုံးဝင်ပါသည်။

⑤ တွယ်ဆက်တစ်သျှူးများ ကြီးထွားမှုကို မြှင့်တင်ပေးသည် (အိပ်ရာနာများကို ကာကွယ်ပေးနိုင်သည့် အကျိုးအာနိသင် ရှိပါသည်)။

ရေမချိုးနိုင်သည့်အခါများတွင် ရေပတ်တိုက်လေ့ရှိပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အဖိုးအဖွားများ၏အရေပြားကို သန့်ရှင်းစေပြီး လန်းဆန်းစေကာ အစာစားချင်စိတ်ကို တိုးစေခြင်း၊ ကောင်းစွာအိပ်ပျော်စေခြင်း အကျိုးအာနိသင်များ ရှိပါသည်။

ထို့အပြင် ရေပတ်တိုက်ခြင်းသည် ပြုစုစောင့်ရှောက်သူများအတွက် အဖိုးအဖွားများ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရေပြားကို ကြည့်ရှုစစ်‌ဆေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။

အရေပြားအခြေအနေသည် ခန္ဓာကိုယ်အတွင်းပိုင်းအခြေအနေကို ထင်ဟပ်စေသည့်အတွက် ပြုစုစောင့်ရှောက်သူများကို သတင်းအချက်အလက်များစွာပေးသည်။

ထို့အပြင် ရေပတ်တိုက်ခြင်းသည် အဖိုးအဖွားများနှင့် ၎င်းတို့ကို ပြုစုစောင့်ရှောက်ပေးသူများအကြား ပြောဆိုဆက်ဆံနိုင်မည့် အနေအထားကောင်းတစ်ခုဖြစ်ပြီး စေတနာပါပါဖြင့် ရေပတ်တိုက်ပေးခြင်းသည် ပြုစုစောင့်ရှောက်သူ၏လက်မှတစ်ဆင့် အဖိုးအဖွားများ၏ အရေပြားထံသို့ ရောက်ရှိသွားပြီး ဘာသာစကားမဲ့ ဆက်သွယ်ပြောဆိုမှုပြုနိုင်သည့် အနေအထားလည်း ဖြစ်သွားနိုင်ပါသည်။

ဤနည်းဖြင့် ရေမချိုးနိုင်သော အဖိုးအဖွားများကို ရေပတ်တိုက်ပေးခြင်းသည် အဖိုးအဖွားများ ကျန်းမာသောဘဝနေထိုင်ရန် ကူညီပေးသည့် အရေးကြီးသော စောင့်ရှောက်မှုပုံစံတစ်ခုဖြစ်ပါသည်။


② ရေပတ်တိုက်ခြင်းကို ဆက်လက်လုပ်ဆောင်နည်း

ရေပတ်တိုက်ခြင်းသည် ရေချိုးခြင်းထက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့် စွမ်းအင်ဆုံးရှုံးမှုတို့ နည်းပါးသော်လည်း အဖိုးအဖွားများ၏ ခန္ဓာကိုယ်အခြေအနေပေါ်မူတည်ပြီး တစ်ကြိမ်တည်းနှင့် ခန္ဓာကိုယ်အနှံ့ သုတ်ပေးခြင်းကို မလိုလားသည့်အခါမျိုးလည်း ရှိတတ်ပါသည်။

ထိုသို့သောအခြေအနေမျိုးတွင် အလိုအပ်ဆုံးနေရာများကို ဦးစွာရေပတ်တိုက်ပြီး အဖိုးအဖွားများ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေပေါ်မူတည်၍ အပိုင်းအလိုက် ရေပတ်တိုက်ရပါမည်။

ခန္ဓာကိုယ်အပေါ်ပိုင်းရေပတ်တိုက်ခြင်း၊ နောက်ကျောရေပတ်တိုက်ခြင်း၊ ခြေထောက်ဆေးခြင်း၊ လိင်အင်္ဂါရေပတ်တိုက်ခြင်း စသည်ဖြင့် 1 ပတ်လျှင် 2 ကြိမ် တစ်ကိုယ်လုံး ရေပတ်တိုက်နိုင်ရန် အစီအစဉ်ချမှတ်ပြီး အကောင်အထည်ဖော်ရပါမည်။

ရေပတ်တိုက်ခြင်းကို 1 ရက်အတွင်း ဘယ်နှကြိမ်ပင်ဖြစ်စေ လုပ်နိုင်သော်လည်း အစာမစားမီ သို့မဟုတ် အစာစားပြီးနောက် 1 နာရီအတွင်း၌ မလုပ်ဆောင်ဘဲ အဖိုးအဖွားများ၏ စိတ်ခံစားမှုအခြေအ‌နေကောင်းမွန်သည့်အချိန်၊ ပြုစုစောင့်ရှောက်သူမှ အခြားအလုပ်များအတွက် အချိန်ခွဲပေးရန်မလိုသည့်အချိန်တို့ကို ရွေးချယ်ရပါမည်။

ထို့အပြင် နေ့ဘက်အတွင်း အပူဆုံးအချိန်ကို ထည့်သွင်းစဉ်းစားပြီး ရေပတ်တိုက်သင့်ပါသည်။

ရေပတ်တိုက်ရန်ကြာသည့်အချိန်မှာ အဖိုးအဖွားများ၏ အခြေအနေပေါ်မူတည်ပြီး ကွာခြားသော်လည်း အများဆုံး မိနစ် 30 ခန့် ဖြစ်ရပါမည်။

အခန်းအပူချိန်သည် 22~23 ဒီဂရီစင်တီဂရိတ်ခန့်ရှိသင့်ပါသည်။

လွတ်နေသောနေရာများမှ လေမဝင်အောင် ဂရုစိုက်ပါ။

1. လိုအပ်သောပစ္စည်းများ

လိုအပ်သောပစ္စည်းများမှာ ပုံ 6 ပုံ 6 တွင်ပြထားသည့်အတိုင်း ဖြစ်ပါသည်။

တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်သည့်အခါ ရေနွေး 8 လီတာခန့် အသင့်ပြင်ဆင်ထားရပါမည်။

ရေနွေးအတွက် အကောင်းဆုံးအပူချိန်မှာ 60 ဒီဂရီစင်တီဂရိတ် ဝန်းကျင်ဖြစ်ပါသည်။

နောက်ပိုင်းအတွက်အသုံးပြုမည့်ရေနွေးကို 70 ဒီဂရီစင်တီဂရိတ်ရှိအောင် ပြင်ဆင်ပြီး သုံးမည့်အချိန်တွင် ရေဖြည့်ပြီး အပူချိန်ညှိရပါမည်။

မျက်နှာသစ်သည့်ဇလားကို ဆပ်ပြာသုံးသည့်အချိန်အတွက်တစ်ခု (အသေး)နှင့် ဆပ်ပြာမပါဘဲ ရေဖြင့်သုတ်ပေးရန်တွက်တစ်ခု (အကြီး) ဟူ၍ 2 ခု ပြင်ဆင်ထားပေးပါက အဆင်ပြေပါမည်။

တဘက်ကို အထိအတွေ့ နူးညံ့သည့်အရာကိုသာ သုံးရပါမည်။

တဘက်အသေးများကို ဆေးကြောရန်အတွက်သုံးပြီး ပုံမှန်အရွယ်အစား တဘက်များကို ရေပတ်တိုက်ပြီးနောက် အရေပြားမှ စိုစွတ်မှုများသုတ်ရန်အတွက် သုံးပါသည်။

ရေချိုးခန်းသုံးတဘက်ကို အဖိုးအဖွားများ၏ခန္ဓာကိုယ် ဖုံးအုပ်ရန်နှင့် ရေသုတ်ရန်အတွက် သုံးရပါမည်။

2. ရေပတ်တိုက်သည့် နည်းလမ်း

မျက်နှာသုတ်ပုဝါကို တင်းတင်းကျပ်ကျပ် ညှစ်ပြီး ပုံ 7 ပုံ 7 တွင်ပြထားသည့်အတိုင်း တတ်နိုင်သရွေ့ လက်မြန်မြန်ဖြင့် မိမိ၏သန်သောဘက်မှ လက်၌ ရစ်ပတ်ရပါမည်။

ဤနည်းဖြင့် ပတ်ထားခြင်းသည် တဘက်အစွန်းများ ခန္ဓာကိုယ်နှင့်ထိမိပြီး အေးစက်စက်ဖြင့် မနှစ်မြို့စရာကောင်းသည့် ခံစားချက် မဖြစ်စေရန်ဖြစ်ပါသည်။

ထို့အပြင် ဤကဲ့သို့လုပ်ထားပါက တဘက်၏ပြားနေသောမျက်နှာပြင် ကျယ်ပြန့်လာပြီး ညီမျှသောအားဖြင့် အရေပြားကို နှိပ်နယ်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။

သုတ်ပုံသုတ်နည်းမှာ လက်သွက်ရမည့်အပြင် ညင်သာသည့်လှုပ်ရှားမှုဖြင့် အစွန်းဘက်မှနေ၍ အလယ်ဗဟိုပိုင်းသို့ ဦးတည်ပြီး အားအညီအမျှထည့်ကာ လုပ်ဆောင်ရပါမည်။

သင့်လျော်သော ဖိအားနှင့် အရှိန်ဖြင့် သုတ်ခြင်းသည် အရေပြားနှင့် ကြွက်သားများကို သာယာသော လှုံ့ဆော်မှုဖြစ်စေပါသည်။

ဆပ်ပြာကို အမြှုပ်ကောင်းစွာထွက်အောင်လုပ်ပြီးမှ သုံးရပါမည်။

ဆပ်ပြာဖြင့် ပွတ်ပြီးပါက အလုံအလောက် ရေစွတ်ထားသော တဘက်ဖြင့် 2~3 ကြိမ် သုတ်ပြီး ဆပ်ပြာများကို ဖယ်ရှားရပါမည်။

သို့ရာတွင် ယားယံခြင်း ခံစားရသော အဖိုးအဖွားများသည် အရေပြားကိုဆပ်ပြာဖြင့် အတိုက်လွန်ပြီး ယားယံမှုကို ပိုဆိုးစေနိုင်သည့်အတွက် စအိုနှင့် လိင်အင်္ဂါအပြင်ပိုင်းစသည့် ပြင်းထန်စွာ ညစ်ညမ်းသောအပိုင်းများကိုသာ ဆပ်ပြာသုံးခြင်း၊ အရေပြားထိန်းသိမ်းပေးသည့်လုပ်ဆောင်ချက်ရှိသည့် ရေပတ်တိုက်ရာ၌သုံးသောဆပ်ပြာကို အသုံးပြုခြင်းတို့ လုပ်‌ဆောင်ပါ။

ဆပ်ပြာကို သုတ်ပြီးနောက် ခြောက်သွေ့သော တဘက်ဖြင့် ရေခြောက်အောင် အသေအချာသုတ်ရပါမည်။

ထို့အပြင် ရေပတ်တိုက်နေစဉ်အတွင်း မလိုအပ်ပဲ အသားပေါ်နေသည့်နေရာများ မရှိစေရန်အတွက် အပြည့်အဝ သတိပြုရပါမည်။

3. ရေပတ်တိုက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်

ရေပတ်တိုက်ခြင်းကို အဖိုးအဖွားများ၏ ခန္ဓာကိုယ်အနေအထား အကြိမ်ကြိမ် ပြောင်းလဲရန်မလိုဘဲ လုပ်ဆောင်နိုင်ရန်အလို့ငှာ အစီအစဉ်တကျ ဆက်လုပ်ရပါမည်။

မျက်နှာကို ဦးစွာ လုပ်ဆောင်ပေးပြီး အပေါ်မှအောက်သို့ သုတ်သွားကာ လိင်အင်္ဂါကို နောက်ဆုံးမှ သုတ်ရပါမည် (ပုံ 8) (ပုံ 8)

4. အစိတ်အပိုင်းတစ်ခုစီကို ရေပတ်တိုက်ခြင်း

မျက်နှာ

ပထမဦးစွာ မျက်လုံးတစ်ဝိုက်ကို အတွင်းထောင့်မှ အပြင်ဘက်ထောင့်ဘက်သို့ ဦးတည်ပြီး သုတ်ပေးရပါမည်။

ထို့နောက် နဖူး၊ ပါး၊ နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်ကို သုတ်ပေးရပါမည်။

နားရွက်နောက်ကိုလည်း သုတ်ဖို့ မမေ့ပါနှင့် (ပုံ 9) (ပုံ 9)

လက်တံ

လက်မောင်းထိပ်မှစပြီး ချိုင်းအောက်အထိ သုတ်ပေးရပါမည်။

ခြေတံ၊ လက်တံ နှစ်ခုစလုံးကို အစွန်းအဖျားပိုင်းမှစပြီး အလယ်ဗဟိုဘက်သို့ဦးတည်ကာ သုတ်ပေးမည်ဆိုပါက သွေးလည်ပတ်မှုကို ကောင်းမွန်စေပါသည်။

ချိုင်းအောက်၌ ချွေးများအောင်းလွယ်သည့်အတွက် ဂရုတစိုက်သုတ်ပေးရပါမည်။

လက်ချောင်းများကြားကိုလည်း သုတ်ရန် မမေ့ပါနှင့် (ပုံ 10) (ပုံ 10)

ရင်ဘတ်ပိုင်း၊ ဝမ်းဗိုက်ပိုင်း

ရင်သားနှင့် ဝမ်းဗိုက်ပိုင်းကဲ့သို့သော နူးညံ့သောအသားအရေရှိသည့်နေရာများအတွက် စက်ဝိုင်းပုံစံဖြင့် ညင်သာစွာ ဖိပြီး သုတ်ပေးရပါမည်။

ဝမ်းဗိုက်ပိုင်းအား အူလမ်းကြောင်းနှင့်အပြိုင် “の”စာလုံးရေးသည့်ပုံစံကဲ့သို့ သုတ်ပေးရပါမည် (ပုံ 11 ပုံ 11 နှင့် 12)။

ဝမ်းဗိုက်ပိုင်းနှင့် နောက်ကျောရှိ အရေပြားသည် အခြားနေရာများထက် အအေးဒဏ်ကို ပိုမိုခံစားနိုင်သောကြောင့် အဖိုးအဖွားများ မချမ်းစေရန် ဂရုစိုက်ရပါမည်။

အညစ်အကြေးများကို သုတ်ပြီးနောက် နွေးထွေးသော တဘက်ကိုဖြန့်ပြီး ထပ်ပေးကာ အငွေ့ပြန်အောင်လုပ်သင့်ပါသည်။

အငွေ့ပြန်အောင်လုပ်ပြီးနောက်တွင် ရေများကို အလျင်အမြန် သုတ်ပေးရပါမည်။

ခြေတံ

ဒူးထောင်ပြီး ခြေကျင်းဝတ်မှ ဒူးခေါင်းအထိနှင့် ဒူးခေါင်းမှ ပေါင်ခြံအထိ ဦးတည်ကာ ဖိအားအနည်းငယ်ဖြင့် သုတ်ပေးပါ။

ခြေတံသည် မျက်နှာပြင်ဧရိယာကျယ်ပြီး လေဖြင့် အချိန်ကြာရှည် ထိတွေ့ပါက ခန္ဓာကိုယ်အပူချိန် ဆုံးရှုံးလွယ်သောကြောင့် ရေပတ်တိုက်ခြင်းကို ခပ်သွက်သွက်လုပ်ရပါမည်။

ခြေဖနောင့်၊ ခြေမျက်စိ၊ ခြေဖဝါးနှင့် ခြေချောင်းများကြားကိုလည်း ဂရုတစိုက် သုတ်‌ပေးရပါမည် (ပုံ 13) (ပုံ 13)

လက်နှင့်ခြေထောက်တို့ကို မျက်နှာသစ်ဇလားမှ ရေနွေးထဲသို့စိမ်ပြီး ဆေးကြော (“လက်ဆေးခြင်း၊ ခြေဆေးခြင်း”ဟု ခေါ်ပါသည်) ပါက လန်းဆန်းသွားပြီး ရေစိမ်ကန်ဝင်လိုက်ရသကဲ့သို့သော စိတ်ခံစားချက် ရစေပါသည်။

အထူးသဖြင့် ခြေဆေးခြင်းသည် ခန္ဓာကိုယ်ကိုလည်း နွေးထွေးစေပြီး အိပ်မပျော်ခြင်းကို ကာကွယ်ရန် အသုံးချနိုင်ပါသည်။ (ပုံ 14 ပုံ 14 နှင့် 15)။

ကျောပိုင်း၊ တင်ပါးပိုင်း

အဖိုးအဖွားများကို ဘေးတိုက်လဲလျောင်းသည့်အနေအထားသို့လုပ်ပေးပြီး ရေချိုးခန်းသုံးတဘက်အစွန်းကို ခန္ဓာကိုယ်အောက်သို့သွင်းပြီး ခင်းရပါမည်။

၎င်းမှာ အိပ်ရာခင်းများ မစိုစေရန်အတွက်ဖြစ်ပါသည်။

ကျောပိုင်းမပါဘဲ ရင်ဘတ်ပိုင်းနှင့် ဝမ်းဗိုက်ပိုင်း၊ ခြေတံတို့ကို ခြုံထည်ဖြင့် ခြုံပေးထားရပါမည်။

တင်ပါးပိုင်းမှစပြီး ကျောရိုးတစ်လျှောက် ပခုံးအထိ အပေါ်သို့ဦးတည်ကာ အားဖြင့် သုတ်ရပါမည် (ပုံ 16) (ပုံ 16)

ရေပတ်တိုက်ပြီးနောက် နှိပ်နယ်ပေးရပါမည်(ပုံ 17) (ပုံ 17)

နောက်ကျောနှိပ်နယ်ခြင်းသည် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေကာ အိပ်ရာနာများကို ကာကွယ်ပေးသည့်အတွက် အလွန်အသုံးဝင်ပါသည်။

လိင်အင်္ဂါအစိတ်အပိုင်းသည် အထူးသဖြင့် ညစ်ပေလွယ်ပြီး မသန့်ရှင်းပါက အိပ်ရာနာနှင့် ကူးစက်ရောဂါများ ဖြစ်စေနိုင်သောကြောင့် ဂရုပြုရန်လိုအပ်ပါသည်။

လိင်အင်္ဂါအစိတ်အပိုင်းကို သီးခြားတဘက်ခွဲထားပြီး သန့်ရှင်းသောရေနွေးဖြင့် သုတ်ပေးရပါမည်။

သုတ်ပုံသုတ်နည်းမှာ အမျိုးသမီးများဖြစ်ပါက စအိုတဝိုက်မှ ပိုးမွှားများ ဆီးလမ်းကြောင်းအဝနှင့် မိန်းမကိုယ်တို့ထံ မရောက်စေရန်အတွက် ပုံ 18 ပုံ 18 ၌ ပြထားသကဲ့သို့ ဆီးခုံရိုးဘက်မှစပြီး စအိုဘက်သို့ဦးတည်ကာ သုတ်ပေးရမည်ဖြစ်ပြီး ယင်းနောက်တွင် စအိုကို သုတ်ရပါမည်။

ထို့ပြင် ဝမ်းနှင့်ဆီးမထိန်းနိုင်ခြင်းကြောင့် ဆိုးဆိုးရွားရွား ညစ်ပတ်နေပါက လိင်အင်္ဂါကို ချက်ချင်းဆေးကြောပေးရပါမည် (ပုံ 19) (ပုံ 19)

ရေပတ်တိုက်ခြင်းပြီးသွားသည့်နောက်တွင် လိုအပ်ချက်နှင့်အညီ အတွင်းခံနှင့် ညအိပ်ဝတ်စုံတို့ လဲလှယ်ပေးပြီး (ပုံ 20) (ပုံ 20) အနားယူစေရပါမည်။

ခန္ဓာကိုယ်ကိုကြည့်ရှုစစ်ဆေးခြင်း

ရေပတ်တိုက်ခြင်းသည် အဖိုးအဖွားများ၏ခန္ဓာကိုယ်ကို ကြည့်ရှုစစ်ဆေးနိုင်မည့် အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်ပါသည်။

အရေပြားအရောင်၊ ဖိအားသက်ရောက်သည့်နေရာများ၌ သွေးလျှောက်ခြင်းရှိမရှိ၊ အရေပြားချောမွေ့မှု (အရေပြားမှ အဆီဂလင်းများ အလုပ်လုပ်သည့်အခြေအနေ) နှင့် ချွေးထွက်သည့်အနေအထားတို့ကို ကြည့်ရှုစစ်ဆေးရပါမည်။

လိင်အင်္ဂါအပြင်ပိုင်းနှင့် စအိုပိုင်းတို့၌ ညစ်ပေမှုများနှင့် ပွန်းပဲ့နာများရှိမရှိ စစ်ဆေးရန်လည်း အရေးကြီးပါသည်။

ထို့အပြင် ခြေလက်လေးဖက်မှအဆစ်များ၏ လှုပ်ရှားမှုနှင့် ကြွက်သားများ၏ အခြေအနေကိုလည်း သိမြင်နိုင်ပါမည်။

အိပ်ရာနာစသည့် လက္ခဏာများ သတိပြုမိပါက ဆေးကုသရေးနှင့်သက်ဆိုင်သောသူများထံ ချက်ချင်း သတင်းပို့ပါ။

ထို့အပြင် ရေပတ်တိုက်ရင်းဖြင့် ကြည့်ရှုစစ်ဆေးထားသည့် အကြောင်းအရာများကို မှတ်တမ်းချန်ထားခြင်းသည် အဖိုးအဖွားများ၏ ခန္ဓာကိုယ်အခြေအနေကို သိရှိနိုင်ပြီး မူမမှန်မှုများကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်သည့်အတွက် လွန်စွာ အသုံးဝင်ပါသည်။


အပိုင်း 5 ဆံပင်ထိန်းသိမ်းစောင့်ရှောက်မှု

ဆံပင်သည် ဖုန်စသည့် အပြင်လောကမှ ညစ်ညမ်းသည့်အရာအမျိုးမျိုးနှင့် ဦးရေပြားမှထုတ်ပေးသော ချွေးနှင့်အဆီတို့ကြောင့် အလွန်ညစ်ညမ်းလွယ်ပြီး နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်ပေးရန် အရေးကြီးပါသည်။

မနက်အိပ်ရာနိုးသည့်အခါ မျက်နှာသစ်ခြင်းနှင့်အတူ ဆံပင်ဖြီးသင်ရန်ကိုလည်း မမေ့မလျော့ လုပ်ပေးရပါမည်။

ဘရပ်ရှ်ဖြင့်ဖြီးခြင်းသည် ဆံပင်မွေးများ၌ကပ်နေသော အညစ်အကြေးများကို ဖယ်ရှားပေးသည့်အပြင် ဦးရေပြားကို လှုံ့ဆော်ပေးကာ သွေးလည်ပတ်မှုကို ကောင်းမွန်စေသည့် အကျိုးအာနိသင်ရှိပါသည်။

1 ရက်လျှင် 1 ကြိမ် မပျက်မကွက် လုပ်ဆောင်ပါ။

ခေါင်းလျှော်ခြင်းသည် ဆံပင်မွေးနှင့် ဦးရေပြားတို့၌ ကပ်ငြိနေသော အဆီများ၊ ချွေး၊ ချေးညှော်၊ ဖုန်စသည့် အညစ်အကြေးများကို ဖယ်ရှားပေးပြီး ဆံပင်နှင့် ဦးရေပြားကို သန့်စင်စေပါသည်။

ထို့အပြင် ဦးရေပြားကို နှိပ်နယ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အာရုံကြောများကို လှုံ့ဆော်ပေးကာ ဆံပင်သန်စေရန် ကူညီပေးပါသည်။

ပုံမှန်အားဖြင့် ရေချိုးသည့်အခါ၌ တစ်ခါတည်း လုပ်ဆောင်ကြသော်လည်း ရေချိုးခန်း၌ ခေါင်းလျှော်ရန်မဖြစ်နိုင်သည့်အခါ အိပ်ရာပေါ်၌လည်း လျှော်နိုင်ပါသည်။

ခေါင်းလျှော်ရန်သုံးသည့် pad ကို ရေချိုးခန်းသုံးတဘက်၊ ရှည်မျောမျော ပလတ်စတစ် အခင်း၊ ပလတ်စတစ် အမှိုက်အိတ် (အကြီး) စသည်တို့ဖြင့် ပြလုပ်ပါသည် (စာမျက်နှာ 117 မှ ပုံ 21 ပုံ 21)။

လက်တွေ့ဆောင်ရွက်သည့်အခါ ရေစီးဆင်းမှုကောင်းမွန်စေရန်အတွက် Pad နှင့် ညစ်ပတ်သည့်ရေတို့ထည့်မည့် ပုံးကို အနိမ့်အမြင့်ခြားနားမှုအနည်းငယ်ရှိစေခြင်း၊ ပြုစုစောင့်ရှောက်သူများ ပင်ပန်းနွမ်းနယ်မှုမဖြစ်စေသော ကိုယ်ဟန်အနေအထားဖြင့်နေခြင်းတို့ လုပ်ဆောင်ရန် သတိပြုရပါမည် (ပုံ 22) (ပုံ 22)

ခေါင်းလျှော်ခြင်းကို တစ်ပတ်လျှင် 1 ကြိမ်ခန့် လုပ်ဆောင်လိုသော်လည်း အဖိုးအဖွားများအပေါ် ဝန်ပိစေနိုင်သည့်အတွက် ရေနွေးသုံးစရာမလိုဘဲပြီးသည့် ရှန်ပူအခြောက်သုံးခြင်း၊ အရက်ပြန်စိမ်ထားသည့်ဂွမ်းဖတ်နှင့် ပေါင်းထားသောတဘက်တို့ဖြင့် ဆံပင်ကို သပ်သပ်ရပ်ရပ်သုတ်ပြီး ဘရပ်ရှ်ဖြင့်ခေါင်းဖြီးခြင်းစသည့် နည်းလမ်းများလည်း ရှိပါသည်။


အပိုင်း 6 ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှု


① ခံတွင်းထိန်းသိမ်းစောင့်ရှောက်ရခြင်း၏ အဓိပ္ပာယ်

ခံတွင်းအတွင်းပိုင်းကို သန့်ရှင်းအောင်ထားရသည့်ရည်ရွယ်ချက်မှာ ခံတွင်းမှ အကြီးဆုံးရောဂါနှစ်ခုဖြစ်သည့် သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါ (သွားဖုံးရောင်ခြင်းစသည်)တို့ကို ကြိုတင်ကာကွယ်ရန်နှင့် ချိတ်ဆက်နေသည့် အင်္ဂါအသီးသီးသို့ ညစ်ညမ်းမှုမဖြစ်စေရန်အလို့ငှာ ကြိုတင်ကာကွယ်ခြင်းတို့ ဖြစ်ပါသည်။

ခံတွင်းအတွင်းပိုင်းသည် တံတွေးဖြင့် အဆက်မပြတ် စိုစွတ်နေပြီး အပူချိန်ကို ထိန်းထားကာ အစာအကြွင်းအကျန်များလည်း မကြာခဏ ကျန်နေတတ်ပြီး ဘက်တီးရီးယားများ ပေါက်ပွားလွယ်သည့်နေရာ ဖြစ်ပါသည်။

ထို့ကြောင့် ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှုသည် အလွန်အရေးကြီးပါသည်။

မကြာသေးမီက ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှုနှင့် အဖိုးအဖွားများအဖို့ အသက်အန္တရာယ်ဆုံးရှုံးသည်အထိဖြစ်စေနိုင်သော အဆုတ်ရောင်ရောဂါတို့အကြား ဆက်စပ်မှုကိုလည်း ထောက်ပြထားပြီး အဆိုပါအကျိုးအာနိသင်အနေနှင့် သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်း၊ အနံ့ဆိုးများကို ကြိုတင်ကာကွယ်ခြင်းသာမက အဆုတ်ရောင်ခြင်းစသည့် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ရာလည်း ရောက်ပါသည်။

ထို့အပြင် ပါးစပ်အတွင်းသည် မသန့်ပါက ဒေါသထွက်သည့်ခံစားချက်ဖြစ်ရုံသာမက စားချင်စိတ်လည်း လျော့ပါးပြီး အနံ့ဆိုးများရှိပါက ပတ်ဝန်းကျင်မှလူများနှင့် ဆက်ဆံပြောဆိုရာ၌လည်း အနှောင့်အယှက်ဖြစ်စေသည့်အတွက် မမေ့မလျော့ဘဲ ပြုစုစောင့်ရှောက်ပေးပါ။


② ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှုနည်းလမ်းနှင့် လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်တို့၏ အဓိကအချက်များ

1. သွားတိုက်တံကို ဘရပ်ရှ်အမွေးများ သေးငယ်သည့်အရာကို သုံးပါ

ခံတွင်းထိန်းသိမ်းစောင့်ရှောက်ရာ၌ သာမန်အားဖြင့် သွားတိုက်တံကို အသုံးပြုကြပါသည်။

သွားတိုက်တံကို ဘရပ်ရှ်အပိုင်းသေးငယ်ပြီး အမွေးအမှင်သိပ်သည်းမှုရှိသောအရာကို ရွေးချယ်ပါ။

အမွေး၏ မာကျောမှုအတွက် ကြိုက်နှစ်သက်သည့်အရာကို ရွေးချယ်ပါ။

သွားတိုက်တံအမွေးထိပ်ဖျားများ မညီမညာဖြစ်လာပါက သွားဖုံးကို မထိခိုက်စေရန်အတွက် အသစ်ဖြင့် လဲလှယ်ပေးပါ (ပုံ 23) (ပုံ 23)

2. အစာအကြွင်းအကျန်နှင့် သွားချေးများကို ဖယ်ရှားရန် ပွတ်တိုက်နည်း

ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှုကို အစာစားပြီးတိုင်း လုပ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

ပွတ်တိုက်နည်းသည် သွားတိုက်တံ၏ အမွေးအမျှင်များကို သွားနှင့်ထောင့်မှန်ကျအောင်ထားကာ နည်းနည်းချင်းရွှေ့ရင်းဖြင့် 1 ချောင်းမှ 2 ချောင်းစီ တိုက်သည့်နည်း ဖြစ်ပါသည်။

လွယ်ကူသည့်အပြင် သန့်ရှင်းမှုအတွက်လည်း အကျိုးအာနိသင်ရှိပါသည် (ပုံ 24) (ပုံ 24)

3. ထွေးခံကို ကျင်ကျင်လည်လည်သုံးခြင်း

ပါးစပ်အောက်နားတွင် ထွေးခံကို ကပ်ထားပြီး မျက်နှာကို အနည်းငယ်ဘေးတစောင်းလှည့်စေကာ ပါးစပ်ထောင့်မှနေ၍ ရေများကို ညင်ညင်သာသာ ထွေးထုတ်စေရပါမည်။

ထွေးခံဖယ်လိုက်ပြီးနောက်တွင် ကျန်နေသောရေစက်များကို ပါးစပ်ထောင့်မှနေ၍ စီးမကျစေရန် ပါးစပ်အောက်နားကို ချက်ချင်း ညင်သာစွာ သုတ်ပေးရပါမည်။

4. အံကပ် တပ်ဆင်ထားသူများအတွက် ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှု

အံကပ်များ တပ်ထားလျှင် အစာစားပြီးတိုင်း ဖြုတ်ပြီး ရေပိုက်ခေါင်းအောက်တွင် သွားတိုက်တံသုံးပြီး ရေဖြင့် သေချာစွာ ဆေးကြောပါ။

အံကပ်ကို ဖြုတ်မည့်အခါ အောက်အံကပ်မှ စဖြုတ်ပြီး အံကပ်ပြန်တပ်သည့်အခါ အပေါ်အံကပ်မှ စတပ်ပါက အထုတ်အသွင်းလွယ်ကူနိုင်ပါသည်။

အံကပ်များကို ဖြုတ်ပြီးနောက်တွင် ပလုတ်ကျင်းစေရပါမည်။

အံကပ်များကို အိပ်ရာမဝင်မီ၌ဖြုတ်ပြီး ခြောက်သွေ့ခြင်းမဖြစ်စေရန်အတွက် ရေထည့်ထားသည့် သီးသန့်သုံးဘူးခွက်များထဲသို့ ထည့်ပြီးသိမ်းရပါမည်။

ထည့်သိမ်းရာ၌သုံးသောရေကို 1 ကြိမ်သုံးပြီးတိုင်း လဲပေးရပါမည်။

5. ပလုတ်ကျင်းခြင်းမပြုနိုင်သူများအတွက် ခံတွင်းထိန်းသိမ်းစောင့်ရှောက်မှု

ပလုတ်ကျင်းခြင်းမပြုနိုင်သော အဖိုးအဖွားများအတွက် ရေစွတ်ထားသော ဂွမ်းတုတ်တံနှင့် အဝတ်စအလိပ် သို့မဟုတ် ပတ်တီးဖြင့် ရစ်ပတ်လိပ်ထားသော ပြုစု‌စောင့်ရှောက်သူ၏ လက်ချောင်းတို့ဖြင့် ခံတွင်းထဲကို ပွတ်တိုက်ပြီး အညစ်အကြေးများ ဖယ်ရှားပေးရပါမည်။

ပြင်ဆင်ရမည့်ပစ္စည်းများ

① သွားတိုက်တံ

② သွားတိုက်ဆေး

③ တဘက်

④ စုပ်သောက်၍ရသောနှုတ်သီးပါသည့်ခွက်

⑤ ထွေးခံ


အပိုင်း 7 မုတ်ဆိတ်ရိတ်ခြင်း၊ ဆံပင်ဖြီးသင်ခြင်း၊ နား/နှာခေါင်းသန့်ရှင်းရေးလုပ်ခြင်း၊ လက်သည်းညှပ်ခြင်း


① မုတ်ဆိတ်ရိတ်ခြင်း၊ ဆံပင်ဖြီးသင်ခြင်း၊ နား/နှာခေါင်းသန့်ရှင်းရေးလုပ်ခြင်း၊ လက်သည်းညှပ်ခြင်းတို့ ပြုလုပ်ရန် လိုအပ်ပုံ

ကျွန်ုပ်တို့သည် 1 ရက်တာ၏အစတွင် သွားတိုက်ခြင်း၊ မျက်နှာဆေးခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းနှင့် ဆံပင်ဖြီးသင်ခြင်းတို့လုပ်ဆောင်ပြီး သပ်ရပ်သန့်ရှင်းအောင် ပြင်ဆင်ကာ နေထိုင်မှုဘဝလုပ်ဆောင်ကြပါသည်။

ကိုယ်တိုင်မလုပ်ဆောင်နိုင်သော အဖိုးအဖွားများကို ကူညီပေးပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို သန့်ရှင်းအောင်ထားပေးခြင်းနှင့်အတူ နေ့စဉ်နေထိုင်မှုဘဝတွင် စိတ်ကျေနပ်ပြည့်ဝမှုရှိစေခြင်း စသည့် စိတ်ပိုင်းဆိုင်ရာကဏ္ဍများအတွက် လုပ်ဆောင်ပေးရန်မှာ လွန်စွာ အရေးကြီးပါသည်။

ထို့အပြင် ဆံပင်ဖြီးသင်ခြင်းမှလည်း ခေါင်းဖြီးခြင်း၏အကျိုးအာနိသင်များ ရရှိနိုင်ပါသည်။

ခေါင်းဖြီးခြင်းသည် ဦးရေပြားမှ သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးပါသည်။

ထို့အပြင် ဘရပ်ရှ်သည် သန့်ရှင်းပါက ဆံပင်နှင့် ဦးရေပြားတို့ရ ကပ်ငြိနေသော ဗောက်နှင့် ဖုန်တို့ကို ဖယ်ရှားနိုင်ပါမည်။

ထို့အပြင် နှာခေါင်းနှင့် နားရွက်၊ လက်သည်းတို့ကို ဂရုစိုက်ပေးရန်အတွက် မေ့လျော့ရန် လွယ်ကူပါသည်။

ရေချိုးပြီးနောက် လုပ်ဆောင်ပေးခြင်းစသည်ဖြင့် အလေ့အကျင့်လုပ်ထားပါက အဆင်ပြေနိုင်မည်ဟု ယူဆပါသည်။

နှာခေါင်းနှင့် နားများကို သန့်ရှင်းပေးခြင်းသည် နှာခေါင်းနှင့် နား၏ လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းပေးပြီး ရောဂါများကို ကာကွယ်နိုင်ရန်အတွက် အသုံးဝင်စေပါသည်။

ထို့အပြင် လက်သည်းရှည်များသည် အရေပြားနှင့် လက်သည်းများကြား အညစ်အကြေးများ ခိုအောင်းလွယ်ပြီး (ထိုလက်ချောင်းဖြင့် နှာခေါင်းပေါက်၊ ပါးစပ်ပေါက်များထဲသို့ ထည့်မိခြင်းအားဖြင့် ကူးစက်ရောဂါဖြစ်စေနိုင်သည်) အရေပြားကိုလည်း အနာတရဖြစ်စေနိုင်ပါသည် (ပုံ 25) (ပုံ 25)


① မုတ်ဆိတ်ရိတ်ခြင်းအတွက် လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်၏ အဓိကအချက်များ

1. မထိခိုက်စေခြင်း

မုတ်ဆိတ်ရိတ်ဓားကို အသုံးပြုပါက ဆပ်ပြာ သို့မဟုတ် မုတ်ဆိတ်ရိတ်ရာ၌သုံးသည့် အမြှုပ်ထွက်သော ဖောင်မ် တို့ဖြင့် ချောချောမွေ့မွေ့ရိတ်နိုင်စေရန် လုပ်ဆောင်ပြီးမှ ရိတ်ရပါမည်။။

မုတ်ဆိတ်ရိတ်ခြင်းမပြုမီ တဘက်ဖြင့် ပူနွေးစေပါက မုတ်ဆိတ်မွေးများကို ပျော့ပျောင်းစေပြီး ရိတ်ရလွယ်ကူစေသည် (လျှပ်စစ်မုတ်ဆိတ်ရိတ်စက်သည် အရေပြားကို မထိခိုက်စေဘဲ လွယ်ကူစွာ အသုံးပြုနိုင်ပါသည််)။


② ဆံပင်ဖြီးသင်ခြင်းအတွက် လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်၏ အဓိကအချက်များ

1. သန့်ရှင်းသော ဘရပ်ရှ်ကို သုံးခြင်း

ဘရပ်ရှ်သုံးပြီးနောက် ညစ်ပေမှုများကို သုတ်ခြင်း၊ ဆေးကြောခြင်းတို့လုပ်သည့် အလေ့အကျင့်လည်း လုပ်ထားရမည်ဖြစ်ကာ နေ့စဉ် ဆံပင်ဖြီးသင်ရာ၌ ကျင့်သုံးပါ။

2. ကျွတ်ထွက်လာသောဆံပင်များနှင့် ဗောက်များကို နေရာနားတဝိုက်၌ မကျစေခြင်း

ဆံပင်ညှပ်ရာ၌ဝတ်သောအကာကို ကျယ်ကျယ်ဖြန့်ခင်းပြီး ကျွတ်ထွက်လာသောဆံပင်များနှင့် ဗောက်များဖြင့် ခုတင်မညစ်ပေစေရန် အပြည့်အဝ သတိထားရပါမည်။

ထို့အပြင် ပြီးသွားပါက အိပ်ရာပေါ်၌ ကျွတ်ထွက်လာသောဆံပင်များ ကျနေခြင်းရှိမရှိ စစ်ဆေးကြည့်ရပါမည်။


③ နှာခေါင်းသန့်ရှင်းရေးလုပ်ခြင်းအတွက် လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်၏ အဓိကအချက်များ

1. နှာခေါင်းတွင်းအမွေးများ၌ နှပ်ချေးကပ်နေသည့်အခါ ဂွမ်းတုတ်တံကို ရေနွေးဖြင့်စွတ်ခြင်း

အဖိုးအဖွားများတွင် နှာခေါင်းတွင်းအမွေးများ၌ နှပ်ချေးများကပ်ပြီး လုံးနေခြင်းမျိုး ရှိတတ်ပါသည်။

နှပ်ချေးများပျော့နေပါက တစ်ရှူးစက္ကူကို အလွယ်လုံးပြီး ထိုးထည့်ကာ ဖယ်ရှားနိုင်ပါသည်။

နှာခေါင်းအတွင်းအမွေးများ၌ နှပ်ချေးများကပ်ပြီး ဖယ်ရှားရန် ခက်ခဲသည့်အခါများတွင် ဂွမ်းတုတ်တံကို ရေနွေးဖြင့်စွတ်ပြီး နှာခေါင်းအတွင်းလမ်းကြောင်းကို ရေပတ်တိုက်ပေးပါ။


④ နားသန့်ရှင်းရေးလုပ်ခြင်းအတွက် လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်၏ အဓိကအချက်များ

1. အပြင်နားနှင့် နားရွက်တို့ကိုလည်း ရေပတ်တိုက်ရန် မမေ့ပါနှင့်။

ရေနွေးစိမ်ပြီး ခပ်ထန့်ထန့်ညှစ်ထားသောတဘက်ဖြင့် နားလမ်းကြောင်း၊ နားရွက်မှ အချိုင့်များနှင့် နားရွက်နောက်တို့ကို သေသေချာချာ သုတ်ပေးပါ။

ပုံမှန်အားဖြင့် မမြင်လွယ်သည့် နား၏အခြေအနေကို ကြည့်ရှုစစ်ဆေးနိုင်မည့် အခွင့်အရေးဖြစ်ပါသည်။

2. နားစည်ကို မထိခိုက်စေဘဲ ကျွမ်းကျင်စွာလုပ်ဆောင်ခြင်း

ခေါင်းကို လှုပ်မိသွားပါက နားစည်ထိခိုက်နိုင်သည့်အန္တရာယ်ရှိသည့်အတွက် ထိုကဲ့သို့သောအန္တရာယ်မျိုး ရှိနိုင်သည့်အခါ ခပ်ဖွဖွ ဖိထားရင်းဖြင့် ခေါင်းငြိမ်အောင်လုပ်ရပါမည်။

နားလမ်းကြောင်း၏အရှည်သည် 3 စင်တီမီတာခန့်ရှိပြီး S ပုံစံ အနည်းငယ်ကွေ့ကောက်နေကြောင်းကို ကြိုတင်သိထားပါ။

နားရွက်ကို အပြင်ဘက်သို့ဆွဲလိုက်ခြင်းအားဖြင့် ဖြောင့်သွားပြီး နားဖာချေးများ အလွယ်တကူဖယ်ရှားနိုင်ပါမည်။


⑤ လက်သည်းညှပ်ခြင်းအတွက် လက်ဖြင့်လုပ်ဆောင်သည့်နည်းစနစ်၏ အဓိကအချက်များ

1. လက်သည်းများကို ဘေးကင်းစွာ ညှပ်ခြင်း

အဖိုးအဖွားများ၏ လက်သည်းများသည် မာကြောပြီး ညှပ်ရခက်ခြင်းမျိုး ရှိတတ်ပါသည်။

ရေချိုးပြီးနောက် လက်သည်းများပျော့နေသည့်အချိန်၌ လုပ်ဆောင်ခြင်းသည် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

ထို့အပြင် အရေပြားကို မထိခိုက်စေရန်အတွက် လက်ချောင်းထိပ်မှ အရေပြားကို ဖိပြီးမှ ဂရုတစိုက် ညှပ်ပေးရပါမည်။