ကျန်းမာရေးကောင်းမွန်သည့်အချက်များမှာ “စားကောင်းခြင်း၊ မစင်စွန့်ကောင်းခြင်း၊ အိပ်ကောင်းခြင်း” တို့ဖြစ်သည်ဟု ရှေးယခင်ကကတည်းက ပြောကြပါသည်။
ကျွန်ုပ်တို့သည် အိပ်ခြင်းဖြင့် နေ့ခင်းဘက်လုပ်ဆောင်မှုများမှ ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေပြီး နောက်တစ်ရက်၏လုပ်ဆောင်မှုများအတွက် စွမ်းအင်ကို သိုလှောင်ပါသည်။
အဖိုးအဖွားများအတွက်မှာလည်း အိပ်စက်ခြင်းသည် ကျန်းမာသောဘဝကို ဦးဆောင်ရန် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
အသက်ကြီးလာသည်နှင့်အမျှ နံနက်စောစောနိုးခြင်း၊ ညဘက် မကြာခဏနိုးလာပြီး အိပ်ရေးပျက်ခြင်းနှင့် ကောင်းစွာအိပ်မပျော်ခြင်းခြင်းတို့ကဲ့သို့သော အိပ်စက်ခြင်းပြဿနာများ ကြုံတွေ့ရတတ်ပါသည်။
ဤအရာများကြောင့် အဖိုးအဖွားများ၏ ကျန်းမာရေးကို မထိခိုက်စေရန်အတွက် ပြုစုစောင့်ရှောက်သူများမှ ကူညီပေးရပါမည်။
ဤအခန်းတွင် အိပ်စက်ခြင်းဆိုင်ရာ ဇီဝကမ္မဗေဒနှင့်ပတ်သက်ပြီး ဦးစွာ ဖော်ပြပေးသွားပါမည်။
ဤအရာများကို သိရှိခြင်းဖြင့် အဖိုးအဖွားများ၏ အိပ်စက်ခြင်းဆိုင်ရာ လက္ခဏာများနှင့် အိပ်မပျော်ခြင်း၏ အကြောင်းရင်းများကို ကောင်းစွာနားလည်နိုင်ပါမည်။
ပြုစုစောင့်ရှောက်သူများသည် ကောင်းမွန်သောအိပ်စက်ခြင်းကို အထောက်အကူပြုရန်နှင့် အဖိုးအဖွားများ၏ ကျန်းမာရေးကို မည်သို့ကာကွယ်ရမည်ကို တတ်မြောက်ထားရပါမည်။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်တွင် လှုပ်ရှားမှုအမျိုးမျိုးကြောင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများပေါ်ထွက်လာပြီး အဆိုပါ ပင်ပန်းနွယ်းနယ်မှုများသည် အနားယူခြင်းအားဖြင့် ပြေပျောက်ခြင်း၊ လျော့ပါးခြင်း ဖြစ်သွားပါသည်။
အနားယူခြင်းဟူသော စကားလုံးတွင် လှုပ်ရှားမှုများမှ အခိုက်အတန့် အနားယူပြီး အေးအေးဆေးဆေးနေခြင်းဟုခေါ်သော အနားယူခြင်းအပြင် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုဖြေဖျောက်ရန်အတွက် အားကစားလုပ်ခြင်းနှင့် ဝါသနာပါသည်တို့ကို လုပ်ဆောင်ခြင်းတို့လည်း ပါဝင်ပါသည်။
အိပ်စက်ခြင်းသည် အလွန်အရေးကြီးသော အနားယူခြင်းပုံစံဖြစ်ပါသည်။
အိပ်စက်ခြင်းတွင် လုပ်ဆောင်ချက်များစွာရှိပါသည်။
ကျွန်ုပ်တို့သည် အိပ်စက်ခြင်းအားဖြင့် နေ့ခင်းဘက် လှုပ်ရှားမှုများမှ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး နောက်တစ်ရက်အတွက် လှုပ်ရှားမှုပြုနိုင်ရန် စွမ်းအင်ကို သိုလှောင်ပါသည်။
ဖျားနာသည့်အခါ ပိုကြာကြာ အိပ်ရသည့် အကြောင်းရင်းမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်မှ သုံးစွဲလိုက်သော စွမ်းအင်ပမာဏကို လျှော့ချပြီး ရောဂါပိုးကို တိုက်ဖျက်ရန်အတွက် စွမ်းအင်အားလုံးကို ပြန်သုံးခြင်းဖြစ်သည်ဟု ယူဆကြပါသည်။
ထို့အပြင် အိပ်နေစဉ်အတွင်း ခန္ဓာကိုယ်ထဲ၌ ကြီးထွားမှုဟော်မုန်းကို ထုတ်ပေးပါသည်။
ထို့ကြောင့် “အိပ်တဲ့ကလေးကထွားတယ်” ဟု ပြောကြခြင်းဖြစ်ပါသည်။
ကြီးထွားမှုဟော်မုန်းသည် လူကြီးများ၌လည်း လိုအပ်ပါသည်။ အကြောင်းမှာ ကြီးထွားမှုဟော်မုန်းသည် နေ့ဘက်တွင် ဆုံးရှုံးသွားသော တစ်သျှူးများကို ပြန်လည်ပြုပြင်ပေးပြီး ဆုံးရှုံးသွားသည့် ပစ္စည်းများကို ပြန်လည်ဖြစ်ပွားစေသည့် လုပ်ဆောင်ချက်ရှိသည့်အတွက် ဖြစ်ပါသည်။
ထို့အပြင် နောက်ထပ်တစ်ခုဖြစ်သည့် အိပ်စက်ခြင်း၏ အရေးကြီးသောလုပ်ဆောင်ချက်မှာ မှတ်ဉာဏ်ခိုင်မာအောင် ကူညီပေးခြင်း ဖြစ်ပါသည်။
အိပ်စက်ခြင်းသည် အစာစားခြင်းနှင့် အညစ်အကြေးစွန့်ခြင်းတို့နှင့်အလားတူစွာပင် အသက်ရှင်သန်ရန်အတွက် အလွန်အခြေခံကျသော လုပ်ဆောင်ချက် ဖြစ်ပါသည်။
ဤအိပ်စက်ခြင်းကို ထိန်းချုပ်ထားသည်မှာ ဦးနှောက်ထဲရှိ အိပ်စက်ခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့နှင့် နိုးကြားခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့တို့ဖြစ်ပါသည်။
သာမန်အားဖြင့် ကျွန်ုပ်တို့တွင် အာရုံခံနှိုးဆွမှုများစွာရှိသောအခါ အသိစိတ်လည်း ပြတ်ပြတ်သားသားရှိလာပြီး အပြန်အလှန်အားဖြင့် အာရုံခံလှုံ့ဆော်မှု မရှိသောအခါတွင် ကျွန်ုပ်တို့ အိပ်ငိုက်လာပါသည်။
ဤကဲ့သို့သောအားဖြင့် အာရုံခံလှုံ့ဆော်မှုပမာဏသည် အိပ်စက်ခြင်းနှင့် နိုးကြားမှုအပေါ် သက်ရောက်မှုဖြစ်စေသည်မှာ ပုံမှန်ဖြစ်သော်လည်း နှိုးဆွမှု မည်မျှပင်နည်းပါးပါစေ နံနက်ခင်းသို့ရောက်ပါက သဘာဝအတိုင်း နိုးထလာမည်ဖြစ်ပါသည်။
တစ်နည်းဆိုရသော် ခန္ဓာကိုယ်တွင် စည်းချက်ရှိသောကြောင့်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ခန္ဓာကိုယ်တွင် မွေးဖွားချိန်မှစ၍ အထူးဖြစ်သော “နာရီ”ပါလာပါသည်။
ဤခန္ဓာကိုယ်တွင်းမှနာရီ (ဇီဝနာရီ) သည် လူသားများတွင်သာမက သက်ရှိအားလုံးတွင်ပါ ရှိနေပါသည်။
လူ့ခန္ဓာကိုယ်သည်လည်း အလားတူစွာပင် 1ရက်24နာရီဟု မြင်ရပြီး လုပ်ဆောင်ချက်အမျိုးမျိုးဖြင့် လှိုင်းများ ရေးဆွဲပေးပါသည်။
ဥပမာအားဖြင့် သတ်မှတ်ချိန်အတိုင်း ခန္ဓာကိုယ်အပူချိန်ကို အသေးစိတ်တိုင်းကြည့်မည်ဆိုပါက နေ့ဘက်တွင် မြင့်မားပြီး ညဘက်တွင် နိမ့်ကာ စည်းစနစ်ကျသော လှိုင်းများကို ဖော်ပြပေးပါသည်။
ခန္ဓာကိုယ်အပူချိန်သာမက သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန်တို့၌လည်း စည်းချက်များ ရှိပါသည်။
ထို့အပြင် ဦးနှောက်ကြီး၏လုပ်ဆောင်ချက်ကို ရှာဖွေကြည့်မည်ဆိုပါက ညဘက်သည် ဦးနှောက်ကြီး၏လုပ်ဆောင်ချက် ကျဆင်းပြီး နေ့ဘက်တွင် တက်ကြွနေသည်ကို တွေ့ရပါမည်။
တစ်နည်းဆိုရသော် ဦးနှောက်အလုပ်လုပ်ပုံနှင့် ပတ်သက်သော စည်းချက်တစ်ခုရှိပါသည်။
ဟော်မုန်းထုတ်လွှတ်မှုတွင်လည်း စည်းချက်ရှိပါသည်။
ဤစည်းချက်သည် 24 နာရီထက် အနည်းငယ်ပိုရှည်သော စည်းချက်ဖြစ်သောကြောင့် “circadian rhythm (တစ်ရက်တာစည်းချက်၊ တစ်ရက်တာခန့် စည်းချက်)” ဟုခေါ်ပါသည်။
ဤနည်းအားဖြင့် လူ့ခန္ဓာကိုယ်တွင် စည်းချက်များရှိနေပြီး ညဘက်တွင် ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာများ ကျဆင်းလာကာ အိပ်ပျော်ရန်အဆင်ပြေသည့် အခြေအနေများနှင့် နေ့ဘက်တွင် အလုပ်လုပ်ရန် အဆင်ပြေသည့် အခြေအနေများကို ဖန်တီးပေးပါသည်။
အိပ်စက်ခြင်းတွင် ခန္ဓာကိုယ်နှင့် ဦးနှောက်အတွင်းရှိဆဲလ်များ၏ ပင်ပန်းနွမ်းနယ်မှုများမှ ပြန်လည်ကောင်းမွန်လာစေပြီး ကြီးထွားမှု၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးကာ မှတ်ဉာဏ်ကို ခိုင်မာစေခြင်းစသည့် အမျိုးမျိုးသော လုပ်ဆောင်ချက်များ ပါဝင်သော်လည်း ယင်းလုပ်ဆောင်ချက်များသည် အိပ်စက်ခြင်း၏ အတိမ်အနက်ပေါ်တွင် မူတည်ပါသည်။
အိပ်စက်ခြင်းတွင် စတင်အိပ်ခါစဖြစ်သည့် အိပ်ပျော်ခါစမှစပြီး လှုပ်ရမ်းသော်လည်း တော်တော်ဖြင့်မနိုးသည့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်းအထိ အဆင့် 4 ဆင့်ရှိပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ခြင်းနှင့် အိပ်တစ်ဝက်နိုးတစ်ဝက်အိပ်ခြင်းတို့ကို သတ်မှတ်ထားသည့် စည်းချက်ဖြင့် အပြန်ပြန်အလှန်လှန် လုပ်ဆောင်နေပါသည်။
အိပ်စက်ခြင်းသည် ဦးနှောက်၏ လုပ်ဆောင်မှုတစ်ခုဖြစ်သောကြောင့် ဦးနှောက်လှိုင်းများကို ဆန်းစစ်ခြင်းဖြင့် အိပ်စက်ခြင်း၏ စည်းချက်ကို နားလည်နိုင်ပါသည်။
ယေဘုယျအားဖြင့် ကျွန်ုပ်တို့၏အိပ်စက်မှုသည် မိနစ် 90 စက်ဝန်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်ဖြစ်ခြင်း၊ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ခြင်းတို့ တစ်လှည့်စီဖြစ်နေပြီး ဤစည်းချက်ကို 4၊ 5 ကြိမ် ထပ်ကျော့ပြီးနောက် နိုးလာသည်ဖြစ်ကြောင်း ဦးနှောက်တိုင်းတာမှုမှတစ်ဆင့် ထင်ထင်ရှားရှားသိလာရပါသည်။
ပုံ 1
တွင် ဤအိပ်စက်ခြင်းစည်းချက်ကို ပြထားပါသည်။
ငိုက်မြည်းလာပြီး အသိစိတ်ဝေဝါးသွားကာ မှိန်းလာသည့်အနေထားသည် အိပ်စက်သည့်ကာလ၏ ပထမအဆင့်ဖြစ်ပါသည်။
နောက်တစ်ဆင့်တွင် တရှူးရှူးဖြင့် အိပ်ပျော်သွားသည့် အသက်ရှူသံမြည်လာကာ အိပ်တစ်ဝက်နိုးတစ်ဝက်အိပ်စက်သည့်အဆင့်သို့ ရောက်သွားပါသည် (ဒုတိယအဆင့်)။
ဤအချိန်သည် ဟောက်စပြုသည့်အချိန်လည်းဖြစ်ပါသည်။
ယင်းနောက် နောက်ဆုံးတွင် တတိယအဆင့်သို့ ရောက်ရှိလာပြီး အနည်းငယ်မျှသော နှိုးဆွမှုဖြင့် မနိုးစေဘဲ အသိစိတ်မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားပါသည်။
နောက်အဆင့်သည် အနက်ရှိုင်းဆုံးအဆင့်ဖြစ်ပြီး တစ်နည်းအားဖြင့် နှိုးဆွမှု သို့မဟုတ် အသံဖြင့်ပင် မနိုးနိုင်တော့သော တစ်နည်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အနေအထားဖြစ်ပါသည် (စတုတ္ထအဆင့်)။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီးနောက် တဖြည်းဖြည်း အိပ်တစ်ဝက်နိုးတစ်ဝက်အဆင့်သို့ ပြန်သွားပြီး ဤလုပ်ငန်းစဉ်ကို အဖန်တလဲလဲ ပြန်ကျော့ပါသည်။
အစပိုင်းအဆင့်ကိုပြန်ရောက်ပါက ဦးနှောက်လှိုင်းတွေက အပြောင်းအလဲအသစ်များကို ပြပေးပါသည်။
ဤအချိန်တွင် အိပ်ပျော်နေသည့် လူတစ်ယောက်ကို စောင့်ကြည့်လေ့လာမည်ဆိုပါက မျက်လုံးများ လှုပ်ရှားနေပါမည်။
ထို့ကြောင့် ဤအိပ်စက်ခြင်းကို အင်္ဂလိပ်ဘာသာဖြင့် မျက်လုံးအလျင်အမြန်လှုပ်ရှားမှု (Rapid Eye Movement :REM)မှ အစစာလုံးများကိုယူပြီး “REM အိပ်စက်ခြင်း” ဟု ခေါ်ပါသည်။
တစ်ဖက်တွင် REM အိပ်စက်ခြင်းမှလွဲ၍ အခြားအိပ်စက်ခြင်းကို “Non-REM အိပ်စက်ခြင်း” ဟုခေါ်ပါသည်။
ဤနည်းဖြင့် စကားတစ်လုံးတည်းဖြင့် အိပ်စက်ခြင်းဟု ပြောသော်လည်း Non-REM အိပ်စက်ခြင်း နှင့် REM အိပ်စက်ခြင်းဟူ၍ နှစ်မျိုးရှိပြီး တစ်ခုစီတွင် မတူညီသော အခန်းကဏ္ဍများ ရှိပါသည်။
Non-REM အိပ်စက်ချိန်တွင် နိုးသောအခါတွင် မမြင်ရသော အလွန်နူးညံ့သော မျဉ်းကြောင်းများရေးဆွဲထားသည့် ဦးနှောက်လှိုင်းများ တွေ့ရပါသည်။
အသိစိတ်အဆင့် အလွန်နိမ့်သောကြောင့် Non-REM အိပ်စက်ခြင်းကို “ဦးနှောက်အိပ်စက်ခြင်း”ဟုလည်း ခေါ်ပါသည်။
အတိမ်အနက်အရဆိုလျှင် REM အိပ်စက်ခြင်းသည် အိပ်ပျော်ခါစကဲ့သို့ အိပ်တစ်ဝက်နိုးတစ်ဝက်အိပ်စက်ခြင်း ဖြစ်သော်လည်း ကြွက်သားများ အားပျော့ပြီး ပြေလျော့နေသည့်အတွက် ခန္ဓာကိုယ်သည် “အလွန်နှစ်ခြိုက်စွာအိပ်နေခြင်း”ဖြစ်ကြောင်း သိနိုင်ပါသည်။
REM အိပ်စက်ခြင်းကာလအတွင်း အိပ်မက်မက်ပါသည်။
ထို့အပြင် REM အိပ်စက်ခြင်းသည် မှတ်ဉာဏ်စုစည်းမှုနှင့် ခိုင်မာမှုတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။
ထို့အပြင် REM အိပ်စက်ခြင်းသည် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သင်ယူမှုကိုလည်း အထောက်အကူပြုပါသည်။
တစ်နေ့လျှင် REM အိပ်စက်မှုစုစုပေါင်းပမာဏသည် စုစုပေါင်းအိပ်စက်မှု၏ 20% ခန့် ဖြစ်ပါသည်။
ဤရာခိုင်နှုန်းသည် မွေးကင်းစကလေးများတွင် 50% အထိရှိပြီး ပုံ 2
၌ ပြထားသည့်အတိုင်း အသက်ကြီးလာသည်နှင့်အမျှ လျော့နည်းသွားပါသည်။
မည်သို့ပင်ဆိုစေကာမူ REM အိပ်စက်ခြင်းနှင့် Non REM အိပ်စက်ခြင်းတို့သည် မိနစ် 90 စက်ဝန်းဖြင့် အပြန်ပြန် ဖြစ်ပေါ်နေခြင်းနှင့်အတူ စတုတ္ထအဆင့်ဖြစ်သည့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းနှင့် REM အိပ်စက်ခြင်းတို့ များပြားသည့် အိပ်စက်ခြင်းသည် ကျွန်ုပ်တို့၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကျန်းမာရေးတည်ဆောက်ရာတွင် အသုံးဝင်စေပါသည်။
အိပ်နေစဉ်အတွင်း အသိစိတ်ပြောင်းလဲမှုသာမက ခန္ဓာကိုယ်အနှံ့ရှိ ကြွက်သားသံများ၏ တင်းမာမှုလည်း လျော့လာကာ စအိုနှင့် ဆီးအိမ်ရှိ ကွင်းသဏ္ဌာန်ကြွက်သားများ ချွင်းချက်အနေဖြင့် အလုပ်လုပ်နေပါသည်။
တုံ့ပြန်မှုများသည် အားနည်းလာပြီး အာရုံခံစွမ်းရည်များ လျော့နည်းလာပါသည်။
ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်သုံးစွဲမှုပမာဏ နည်းပါးစေပြီး ခန္ဓာကိုယ် အပူချိန်လည်း လျော့နည်းလာပါသည်။
သွေးပေါင်ချိန် အထိုက်အလျောက် လျော့ကျသွားကာ နှလုံးညှစ်အားသည်လည်း ကျဆင်းလာပြီး သွေးခုန်နှုန်းလည်း ကျဆင်းလာပါသည်။
အသက်ရှူခြင်းသည်လည်း အနည်းငယ် တိမ်လာပြီး အကြိမ်ရေလည်း အနည်းငယ် နည်းလာပါသည်။
ထို့အပြင် အစာအိမ်နှင့် အူလမ်းကြောင်းများ အပါအဝင် အခြားသော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်ချက်သည် အားနည်းလာပါသည်။
အစာအိမ်မှ အစာချေရည်စွန့်ထုတ်မှုလည်း လျော့ကျသွားသည့်အတွက် အိပ်ရာမဝင်မီ စားသောက်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းကို ဝန်ဖြစ်စေနိုင်ပါသည်။
ကျောက်ကပ်လုပ်ဆောင်ချက်လည်း လျော့နည်းလာပြီး ဆီးထွက်နှုန်းလည်း လျော့ကျကာ အိပ်ရေးပျက်ခြင်းကို ကာကွယ်ပေးပါသည်။
သို့သော်လည်း REM အိပ်စက်ခြင်းအတွင်းမှ ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုများသည် အထက်ဖော်ပြပါအရာများနှင့် ကွဲပြားပါသည်။
ကြွက်သားများ လျင်မြန်စွာ ပြေလျော့ခြင်းနှင့် လျင်မြန်သော မျက်လုံး လှုပ်ရှားမှုများ၊ ပုံမှန်မဟုတ်သော အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်း၊ လက်ချောင်းများနှင့် မျက်နှာများ ဆတ်ခနဲ လှုပ်ရှားခြင်း၊ အစွန်အဖျားမှသွေးကြောများ ကျယ်လာခြင်းနှင့် အမျိုးသားများဖြစ်ပါက လိင်တံထောင်မတ်ခြင်း ဖြစ်ပါသည်။
အိပ်ချိန်သည် မွေးကင်းစကလေးများတွင် ညနှင့်နေ့မခွဲဘဲ အကြမ်းဖျင်း 18~20 နာရီရှိသော်လည်း နောက်ပိုင်းတွင် နေ့ဘက်မှ အိပ်ချိန်များ တဖြည်းဖြည်း လျော့နည်းလာပြီး ညအချိန်ကို အဓိကထားအိပ်လာကာ အရွယ်ရောက်ပြီးသူများတွင် 7 နာရီမှ 8 နာရီခန့်၊ အဖိုးအဖွားများတွင် 5 နာရီမှ 7 နာရီခန့် ရှိပါသည်။
ဤသည်မှာ ယေဘုယျအတိုင်းအတာမျှသာဖြစ်ပြီး လူတစ်ဦးနှင့်တစ်ဦး သိသိသာသာကွဲပြားပါသည်။
တစ်ဦးချင်း ကွဲပြားမှု ဖြစ်ပေါ်လာရသည့်အကြောင်းရင်းမှာ မွေးရာပါ သို့မဟုတ် ဗီဇအရ သတ်မှတ်ပြီးသားဖြစ်သည်ဟု ယူဆနိုင်ပါသည်။
အိပ်ချိန်ပမာဏကို အထူးအာရုံစိုက်ရန်မလိုဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်သည့်အချိန်များရန်နှင့် အိပ်ရေးဝရန်မှာ အရေးကြီးပါသည်။
အဖိုးအဖွားများသည် အိပ်စက်ရာ၌ အိပ်ပျော်ရန် ခက်ခဲခြင်း၊ ညဘက်တွင် အကြိမ်များစွာ နိုးလာခြင်းနှင့် နံနက်စောစော နိုးလာခြင်းဟူသည့် လက္ခဏာ 3 ရပ်ရှိပါသည်။
အဖိုးအဖွားတစ်ဦး၏ အိပ်စက်ခြင်းကို လူငယ်တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပါက အောက်ပါအတိုင်းရှိပါမည်။
ငယ်ရွယ်သူများတွင် အိပ်ရာဝင်ပြီး ခန့်မှန်းခြေ မိနစ် 30 ခန့်၌ အနက်ရှိုင်းဆုံး အိပ်စက်ခြင်း အဆင့် ဖြစ်သည့် စတုတ္ထအဆင့်အထိ ရောက်သွားပါသည်။
ဆန့်ကျင်ဘက်အားဖြင့် အဖိုးအဖွားများတွင် အရင်ဆုံး အိပ်စက်ခြင်း၏ ပထမအဆင့်သို့ ရောက်ရန် အချိန်ကြာမြင့်ပြီး အိပ်ပျော်သွားသည်အထိ ပျမ်းမျှအားဖြင့် မိနစ် 40 ခန့်ကြာမြင့်သည်မှာ ထူးခြားချက်ဖြစ်ပါသည်။
ထို့အပြင် လူငယ်များတွင် တစ်ညတာအိပ်ချိန်၏ ရှေ့ပိုင်း၌ နက်ရှိုင်းသော Non REM အိပ်စက်ခြင်း၏ အချိုးအစားက များပြားပြီး နောက်ပိုင်း၌ REM အိပ်စက်ခြင်း၏ ရာခိုင်နှုန်းတိုးလာပါသည်။ တစ်ဖက်တွင် အဖိုးအဖွားများ၌ နှစ်ခြိုက်စွာ အိပ်စက်ခြင်းနည်းပါပြီး ဒုတိယအဆင့်လောက်သာ များပြားကာ ညဘက်၌ အကြိမ်ကြိမ် နိုးလာသည့် အနေအထားဖြစ်ပါသည်။
ထို့အပြင် REM အိပ်စက်ခြင်းဖြစ်ပေါ်ပုံသည်လည်း တစ်ညလုံးတွင် ပျမ်းမျှလောက်သာရှိပါသည် (ပုံ3)
။
ထို့ကြောင့် အဖိုးအဖွားများသည် အိပ်ရေးဝဝအိပ်ရန် ခက်ခဲခြင်းနှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်းတို့ကြောင့် အိပ်မပျော်ခြင်းကို မကြာခဏ ညည်းညူကြပါသည်။
ထို့အပြင် သွေးတိုးနှင့် အာရုံကြောရောဂါကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းခြင်းသည်လည်း ကောင်းစွာအိပ်စက်ခြင်းအပေါ် အဟန့်အတားဖြစ်စေပါသည်။
အိပ်မပျော်ခြင်းသည် အဖိုးအဖွားများ ညည်းတွားကြသည့်အထဲတွင် အများဆုံးအရာတစ်ခုဖြစ်ပါသည်။
အိပ်မပျော်ခြင်းတွင် အိပ်ချိန်မလုံလောက်ခြင်းကြောင့် ဖြစ်သည့်အရာနှင့် အိပ်ချိန်လုံလောက်သော်လည်း ညဘက်၌ အကြိမ်ကြိမ်နိုးလာခြင်း၊ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့်အတွက် လုံးဝအိပ်မပျော်သကဲ့သို့ ခံစားရခြင်းတို့ ရှိပါသည်။
အိပ်မပျော်ခြင်းဖြစ်စေသည့် အကြောင်းအရင်း အမျိုးမျိုးရှိပါသည်။
အိပ်မပျော်ခြင်းအများစုသည် ပြင်ပပတ်ဝန်းကျင်ကြောင့် ဖြစ်တတ်ပါသည်။
ခြေသံများ၊ တံခါးအဖွင့်အပိတ်၊ ဟောက်သံများကဲ့သို့ ဆူညံသံများကြောင့် အိပ်မပျော်နိုင်သော အခြေအနေမျိုးဖြစ်ပါသည်။
အခန်း၏ အလင်းရောင်ကြောင့်လည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
အထူးသဖြင့် မှောင်မဲနေသောအခန်းတွင် အိပ်လေ့ရှိသောသူသည် မီးပိတ်၍မရသော အခန်းတွင် အိပ်ရန် အခက်အခဲရှိနိုင်ပါသည်။
အခန်းတွင်းအပူချိန်နှင့် စိုထိုင်းဆများသည်လည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ပူအိုက်စိုစွတ်သောနွေရာသီညများတွင် အိပ်ပျော်ရန်ခက်ခဲခြင်းကို လူတိုင်းကြုံတွေ့ဖူးမည်ဟုထင်ပါသည်။
ဖူတွန်(အိပ်ရာခင်း၊ စောင်) နှင့် ခေါင်းအုံးများ၏ အရည်အသွေးကဲ့သို့သော အိပ်ရာသုံးပစ္စည်းများ၏ ပြဿနာများလည်း ရှိပါသည်။
ဤကဲ့သို့သောအားဖြင့် အိပ်မပျော်ခြင်းကိုဖြစ်စေနိုင်သော ပတ်ဝန်းကျင်အမျိုးမျိုးရှိပါသည်။
သို့သော် လူသားများသည် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် အလွန်လိုက်လျောညီထွေရှိသောကြောင့် အတိုင်းအတာတစ်ခုအထိ ကျင့်သားရသွားပါက အနည်းငယ် ဆူညံသော သို့မဟုတ် အလင်းရောင်ရှိသောအခန်းတွင်ပင် အိပ်စက်ရန် အခက်အခဲရှိမည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ အဖိုးအဖွားတစ်ဦးသည် မည်သို့သောပတ်ဝန်းကျင်တွင် အကောင်းဆုံးအိပ်စက်နိုင်သည်ကို နားလည်ရန်နှင့် လက်ရှိပတ်ဝန်းကျင်တွင် တစ်စုံတစ်ရာ လိုအပ်နေခြင်းရှိမရှိကို စဉ်းစားရန် အရေးကြီးပါသည်။
အဖိုးအဖွားများ စင်တာသို့ ရောက်လာသည့်အခါ စသည့် ယခုအချိန်အထိ လုပ်ဆောင်ခဲ့သော အိပ်ရာဝင်သည့်အချိန်၊ အိပ်ရာထချိန်တို့ ပြောင်းလဲသွားပါက အိပ်မပျော်ခြင်းကို ခံစားရနိုင်သည် ။
အချိန်ကြာမြင့်စွာ နေ့လယ်ဘက်အိပ်ခြင်းနှင့် နေ့ဘက်၌ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့သည်လည်း အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေသည့် နှစ်သက်စွဲလန်းသောအရာများ (ကော်ဖီ၊ လက်ဖက်စိမ်းရေနွေးကြမ်းစသည်) တို့ကို အလွန်အကျွံ သောက်သုံးခြင်းသည် အိပ်မပျော်ခြင်းဖြစ်စေပါသည်။
လူအများစု၌ ကလေးဘဝက ပျော်ပွဲစားမထွက်မီညကဲ့သို့သော အိပ်မပျော်နိုင်ခဲ့သည့် အတွေ့အကြုံမျိုး ရှိမည်ဟုထင်ပါသည်။
မဖြစ်မနေအိပ်ရမည့် စာမေးပွဲမဖြေခင်ညများ၌ ဆန့်ကျင်ဘက်အားဖြင့် အိပ်မပျော်နိုင်ခဲ့သည့် အမှတ်တရများလည်း ရှိမည်ဟု ထင်ပါသည်။
ဤနည်းအားဖြင့် စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်း ဖြစ်သောအခါတွင် နိုးကြားခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့ လှုပ်ရှားလာသည့်အတွက် အလိုအလျောက် အိပ်မပျော်နိုင်တော့ပါ။
သာမန်လူတစ်ယောက်ကဲ့သို့ အိပ်ပျော်နေသော်လည်း အိပ်မပျော်ဟု ညည်းတွားသည့်သူများ မကြာခဏ ရှိတတ်ပါသည်။
ဤလူများသည် အကျင့်စရိုက်အားဖြင့်ကြည့်မည်ဆိုပါက စိတ်မတည်ငြိမ်သည့်သူများဖြစ်ပြီး မကြာခဏဆိုသလို စိတ်ဓာတ်ကျခြင်း၊ ရှက်တတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်တတ်ခြင်းနှင့် စိုးရိမ်စိတ်နှင့် စိတ်လှုပ်ရှားမှု မြင့်မားခြင်းစသည့် စရိုက်လက္ခဏာများကို အများအားဖြင့် ပိုင်ဆိုင်ထားကြပါသည်။
စိတ်မတည်ငြိမ်သည့်သူများသည် အနည်းငယ်မျှသောအကြောင်းအရင်းကြောင့်ပင်ဖြစ်စေ အိပ်မပျော်ခြင်းအပြင် စိုးရိမ်သောကရောက်ပြီး မိမိ၌ အိပ်မပျော်သည့်ရောဂါရှိနေပြီဟု တွေးတတ်ကြပါသည်။
တစ်နည်းဆိုရသော် အိပ်မပျော်သည့်ရောဂါဆိုသည်ထက် အိပ်မပျော်မှာကြောက်သည့်ရောဂါနှင့် ပိုတူပါသည်။
ထို့အပြင် ဤကဲ့သို့ ယုံကြည်မိသွားပါက အမှန်တကယ် အိပ်ပျော်ရန်ခက်လာပြီး အမှန်တကယ် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ထိုကဲ့သို့သော စိတ်မတည်ငြိမ်သည့်စရိုက်ကြောင့်ဖြစ်ပေါ်လာသော အိပ်မပျော်ခြင်းကို “စိတ်မတည်ငြိမ်မှုကြောင့် အိပ်မပျော်ခြင်း” ဟုခေါ်ပါသည်။
ဤသည်မှာ အိပ်မပျော်ခြင်းဟုခေါ်သည့်အရာများထဲတွင် အဖြစ်အများဆုံးကိစ္စဖြစ်ပါသည်။
စိတ်မတည်ငြိမ်မှုရှိသောသူများသည် အခြားသူများထက် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ပတ်သက်ပြီး ပိုစိုးရိမ်ကြပါသည်။
အိပ်နေသည့်အချိန်၌ပင် မိမိလက်ခံထားသောပုံရိပ်ဖြင့် အနည်းငယ်မျှပင် ကွဲပြားပါက ရောဂါတစ်ခုဖြစ်သည်ဟု ချက်ချင်း ကောက်ချက်ချလိုက်ပါတော့သည်။
သို့ရာတွင် ၎င်းတို့၏ဘေးနား၌အိပ်နေသောသူထံမှ စကားနားထောင်ကြည့်ပါက ဟောက်သံထွက်ပြီး ကောင်းကောင်းအိပ်ပျော်နေတယ်ဟု ကြားရခြင်းမျိုးမှာ မဆန်းတော့ပါ။
စိတ်မတည်ငြိမ်မှုကြောင့် အိပ်မပျော်ခြင်းသည် အမှန်တကယ် အိပ်မပျော်ခြင်းမဟုတ်ဘဲ အိပ်မပျော်မှာကြောက်သည့်ရောဂါဖြစ်ကြောင်း နားလည်ထားရမည်ဖြစ်ပြီး ပြင်းထန်သည့်အစွဲအလန်းများကို ဖယ်ရှားပေးရန် လိုအပ်ပါသည်။
နာကျင်ခြင်း၊ ယားယံခြင်း၊ အဖျားတက်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းစသည့် မနှစ်မြို့ဖွယ်လက္ခဏာများသည် အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးတတ်ပါသည်။
သွားကိုက်ဝေဒနာကြောင့် တစ်ညလုံး အိပ်မပျော်သည့် အတွေ့အကြုံရှိဖူးမည်ဟု ထင်ပါသည်။
အကြောင်းအရင်း ထင်ရှားစွာရှိသည့် မနှစ်မြို့ဖွယ် လက္ခဏာများကြောင့်ဖြစ်ရသော အိပ်မပျော်ခြင်းသည် ရောဂါလက္ခဏာများ ကောင်းမွန်လာပါက သဘာဝအတိုင်း ပြေလည်သွားမည်ဖြစ်ပါသည်။
စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိတ်ကစဉ့်ကလျားရောဂါကဲ့သို့သော စိတ်ရောဂါရှိနေပါက ပတ်ဝန်းကျင်မည်မျှပင်ပြည့်စုံစေကာမူ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။
အဖိုးအဖွားများတွင် စိတ်ကျရောဂါကြောင့်ဖြစ်သော အိပ်မပျော်ခြင်းသည် အထူးစိုးရိမ်စရာဖြစ်ပါသည်။
စိတ်ဓာတ်ကျနေသည့်အခြေအနေတွင် အိပ်ရာထဲသို့ရောက်သွားသော်လည်း တော်တော်နှင့် အိပ်မပျော်ဘဲ၊ အိပ်ပျော်သွားသော်လည်း ချက်ချင်း ပြန်နိုးလာခြင်း၊ မနက်အထိ ငိုက်မျဉ်းနေရသည့်အခြေအနေမျိုး ဆက်တိုက်ဖြစ်နေပါသည်။
ထို့အတွက် အိပ်စက်ခြင်းအပေါ် စိတ်ကျေနပ်မှုမရှိဘဲ တဖြည်းဖြည်း စိတ်ဓာတ်ကျလာပါသည်။
စိတ်ဓာတ်ကျလာသောအခါတွင် အစာစားချင်စိတ်နှင့် လိင်ဆန္ဒကဲ့သို့သော ဘဝရှင်သန်ရန် လိုအပ်ချက်များ လျော့နည်းလာကြောင်း တွေ့ရပါသည်။
တစ်နည်းဆိုရသော် အသက်ရှင်လိုစိတ် လျော့နည်းလာပါသည်။
အဖိုးအဖွားများ အိပ်မပျော်ကြောင်း ညည်းတွားမှုသိပ်မရှိသည့်အခါ၌ပင် ပြုစုစောင့်ရှောက်သူသည် အဖိုးအဖွားများ၏ နေ့စဉ်နေထိုင်မှုဘဝရှိ စိတ်နေစိတ်ထားနှင့် အပြုအမူ၊ အစားသောက်တို့ကို အာရုံစိုက်ကာ စိတ်ဓာတ်ကျနေသည်ဟု ယူဆပါက စိတ်ရောဂါကုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ရန် လိုအပ်ပါသည်။
အိပ်စက်ခြင်းနှင့်အနီးစပ်ဆုံး ဆက်စပ်နေတဲ့ အင်္ဂါသည် ဦးနှောက်ဖြစ်သည်မှာ ပြောစရာပင်လိုမည်မထင်ပါ။
အယ်လ်ဇိုင်းမားအမျိုးအစား မှတ်ဉာဏ်ချို့ယွင်းမှုရောဂါနှင့် ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါစသည်ဖြင့် ဦးနှောက်ကျုံ့ခြင်း၊ ဦးနှောက်သွေးကြော ထိခိုက်ခြင်းစသည့် အခြေအနေများတွင် အိပ်စက်ခြင်းဆိုင်ရာပြဿနာများကို မကြာခဏတွေ့မြင်ရပါသည်။
ထိုသို့သော ဦးနှောက်ရောဂါများဖြစ်သည့်အခါ ဦးနှောက်၏ အိပ်စက်ခြင်းနှင့် နိုးကြားခြင်းတို့ကို ထိန်းချုပ်သည့် အိပ်စက်ခြင်းဆိုင်ရာအာရုံကြောကလပ်စည်းများအစုအဖွဲ့နှင့် ဇီဝနာရီဟုခေါ်သော အပိုင်းတို့တွင် ရောဂါလက္ခဏာများပေါ်လာပြီး အိပ်မပျော်ခြင်းနှင့် အလွန်အမင်းအိပ်ခြင်းတို့ ဖြစ်စေပါသည်။
အိပ်မပျော်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အာရုံကြောဆိုင်ရာရောဂါများမှလွဲ၍ အခြားသော ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုများကြောင့်လည်း ဖြစ်နိုင်ပါသည်။
လူသိများသောရောဂါများတွင် အဓိကအားဖြင့် သွေးတိုးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အစာအိမ်နှင့်အူသိမ်ဦးပိုင်း အနာဖြစ်ခြင်း၊ ညဘက်၌ ရင်ဘတ်အလယ်ပိုင်းအောင့်သည့်ရောဂါ၊ ဆီးချိုရောဂါ စသည်တို့ရှိပါသည်။
သွေးတိုးခြင်းကြောင့် အိပ်မပျော်ခြင်းသည် ဦးနှောက်လည်ပတ်မှုချို့ယွင်းခြင်းနှင့် အိပ်ပျော်နေချိန်၌ အသက်မရှူခြင်းတို့ကြောင့် ဖြစ်တတ်သည်ဟု ယူဆကြပါသည်။
ပန်းနာရင်ကြပ်ဖြစ်ခြင်းသည် ဘေးမှကြားရရုံမျှဖြင့်ပင် နာကျင်ရသော်လည်း ညဘက်များ၌ အဖြစ်များပါသည်။
အထူးသဖြင့် အိပ်စက်ခြင်း၏ အိပ်တစ်ဝက်နိုးတစ်ဝက်အဆင့်တွင် မကြာခဏ ဖြစ်ပွားပုံရပါသည်။
အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် အဖြစ်များလေ့ရှိသော ရောဂါများဖြစ်ပါသည်။
အစာအိမ်အနာဖြစ်သည့်အခါ ကျန်းမာနေစဉ်အတွင်း အိပ်စက်ချိန်၌ အထွက်နည်းသွားသော အစာအိမ်မှအက်ဆစ်များသည် ဆန့်ကျင်ဘက်အားဖြင့် များလာပါသည်။
ထို့အတွက် နာကျင်မှုကိုဖြစ်စေပြီး အိပ်ရန်ခက်ခဲစေပါသည်။
ညဘက်၌ ရင်ဘတ်အလယ်ပိုင်းအောင့်သည့်ရောဂါဆိုသည်မှာ ညဘက်အတွင်း ရင်ဘတ်အလယ်ပိုင်းအောင့်သည့်ရောဂါ ဖြစ်ပါသည်။
ရင်ဘတ်အလယ်ပိုင်းအောင့်သည့်ရောဂါသည် သွေးပို့လွှတ်သည့် နှလုံးသွေးလွှတ်ကြောများ ကျဉ်းသွားသောကြောင့်ဖြစ်သည့်ရောဂါဖြစ်ပြီး ဤတိုက်ခိုက်မှုသည် နံနက်စောစောပိုင်းနှင့် REM အိပ်စက်ခြင်း အချိန်များတွင် ဖြစ်ပွားနိုင်ချေပိုများသည်ဟုဆိုသည်။
ညင်သာသောတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားသောအခါ ရင်ဘတ်တင်းကျပ်ခြင်းနှင့် နာကျင်ခြင်းတို့ကြောင့် အလိုအလျောက် အိပ်ရေးမဝဖြစ်တတ်သည်။
ဆီးချိုရောဂါကြောင့် အိပ်မပျော်ခြင်းသည် ညအချိန် ရေဆာခြင်း၊ ချွေးထွက်ခြင်းနှင့် အာရုံကြောရောင်ခြင်း ဝေဒနာကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။
အဖိုးအဖွားများသည် အများအားဖြင့် ရောဂါအမျိုးမျိုးအတွက် ဆေးဝါးများကို သောက်သုံးလေ့ရှိကြသည်။
ထိုအထဲတွင် သွေးကျဆေးနှင့် ကျောက်ကပ်အပေါ်ယံအလွှာ (adrenal corticosteroids) နှင့် လေပြွန်အခွဲချဲ့ပေးသည့်ဆေး၊ ဟော်မုန်းဆေးစသည်တို့သည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတတ်ပါသည်။
အထူးသဖြင့် အိပ်ဆေးကို သတိထားရန် လိုအပ်ပါသည်။
အိပ်မပျော်ခြင်းကို ကုသရန်အတွက် သောက်နေသော်လည်း ဆန့်ကျင်ဘက်အားဖြင့် အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါသည်။
ဆရာဝန်၏ညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာပြီး ကျင်ကျင်လည်လည်အသုံးပြုရန် အရေးကြီးပါသည်။
လတ်တလောတွင် အိပ်ရာနှင့် အိပ်ခန်းပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုမှုများ တိုးတက်လာပြီး လူ့ခန္ဓာကိုယ်၊ အိပ်ရာနှင့် ပတ်ဝန်းကျင်အကြား ဆက်စပ်မှု၏ အတိမ်အနက်တို့ ရှင်းရှင်းလင်းလင်းဖြစ်လာပါသည်။
ခေါင်းအုံး၏ အမြင့်၊ ဖူတွန် (အိပ်ရာခင်း၊ စောင်) ၏ မာကျောမှုနှင့် အလေးချိန် တစ်နည်းအားဖြင့် “အိပ်ရာအတွင်း ရာသီဥတု”ဟု လူသိများသော ဖူတွန် (အိပ်ရာခင်း၊ စောင်) အတွင်း အပူချိန်နှင့် စိုထိုင်းဆများသည် အိပ်စက်ခြင်းအပေါ် ကြီးမားသော သက်ရောက်မှုရှိကြောင်း သိရှိရပါသည်။
ဇယား 5-1 ဇယား 5-1 တွင် ကောင်းမွန်စွာအိပ်စက်နိုင်စေရန် အိပ်ရာနှင့် ပတ်ဝန်းကျင်အခြေအနေများကို ပြထားပါသည်။
ယင်းတို့အနက် အထူးသတိထားသင့်သည်မှာ ဖူတွန် (အိပ်ရာခင်း၊ စောင်) အတွင်းရှိ အပူချိန်ဖြစ်ပါသည်။
အေးသောကြောင့်ဟုဆိုပြီး အနွေးပေးစက်ကို ပြင်းထန်စွာဖွင့်ထားခြင်း၊ လျှပ်စစ်စောင်သုံးခြင်းအားဖြင့် ဖူတွန် (အိပ်ရာခင်း၊ စောင်) အတွင်း အပူချိန် မြင့်လွန်းသွားခြင်းဖြစ်ပါက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည် မဟုတ်ပါ။
ညဘက်အိပ်သည့်အခါ ခြေထောက်၏အရေပြားအပူချိန်သည် 35 ဒီဂရီစင်တီဂရိတ်ခန့်ဖြစ်ပြီး ဖူတွန် (အိပ်ရာခင်း၊ စောင်) အတွင်းသည် ၎င်းထက်လျော့နည်းပါက အပူများသည် ခန္ဓာကိုယ်အတွင်းမှ အပြင်ဘက်သို့ ရွှေ့ပြောင်းသွားမည့်အတွက် ကောင်းကောင်းအိပ်စက်နိုင်စေပါမည်။
အပြန်အလှန်အားဖြင့် ဖူတွန် (အိပ်ရာခင်း၊ စောင်) ၏အပူချိန်မှာ အရေပြားအပူချိန်ထက်ကျော်လွန်ပြီး အပူသည် ခန္ဓာကိုယ်ဆီသို့ ရွှေ့လာပါက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါသည်။
အိပ်မပျော်ခြင်း၊ အထူးသဖြင့် ကောင်းစွာအိပ်မပျော်ခြင်းသည် အိပ်ရာထဲရောက်သည့်အခါ နေ့ခင်းဘက်မှ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်သောကများကို အပြည့်အဝ မဖြေဖျောက်နိုင်ဘဲ ကျန်နေမည်ဆိုပါက အိပ်စက်သည့်အလေ့အထမှာ စည်းစနစ်မကျတော့ဘဲ ကိုယ်လက်လှုပ်ရှားမှုအဆင့် မြင့်လာခြင်းသည် အကြောင်းအရင်းဖြစ်နေပါသည်။
လူ့ခန္ဓာကိုယ် လှုပ်ရှားမှုများတွင် တစ်သတ်မတ်တည်းဖြစ်သော စည်းချက်များရှိပါသည်။
အထူးသဖြင့် အိပ်စက်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေသည့် အလိုအလျောက်ဖြစ်စဉ်များအား ညှိနှိုင်းထိန်းချုပ်ပေးသောဦးနှောက်နှင့်အာရုံကြောအဖွဲ့သည် နေ့ဘက်တွင် လှုပ်ရှားမှုအဆင့်မြင့်ပြီး ညဘက်၌ နိမ့်ကျသွားသည်မှာ ပုံမှန်ဖြစ်ပါသည်။
အလိုအလျောက်ဖြစ်စဉ်များအား ညှိနှိုင်းထိန်းချုပ်ပေးသောဦးနှောက်နှင့်အာရုံကြောအဖွဲ့၏ လှုပ်ရှားမှုအဆင့် မြင့်နေသည့်အချိန်၌ အိပ်စက်ရန် မည်မျှပင် ကြိုးစားစေကာမူ အလွယ်တကူ အိပ်မပျော်နိုင်ပါ။
ထို့ကြောင့် ညဘက်တွင် ပုံမှန်အချိန်၌ အိပ်ချင်လာပါက ထိုအချိန်အပိုင်းအခြား၌ ခန္ဓာကိုယ်လှုပ်ရှားမှုအဆင့် နိမ့်နေအောင်လုပ်ရန်မှာ အရေးကြီးပါသည်။
တစ်နည်းဆိုရသော် စည်းစနစ်ကျသော နေထိုင်မှုဘဝပြုလုပ်ပြီး သတ်မှတ်ထားသောအချိန်၌ အမြဲတမ်း အိပ်ရာဝင်နိုင်ရန် ဂရုပြုပါ။
ချိတ်ဆက်တုံ့ပြန်မှုဟူသည့် ရှုထောင့်မှပင် စည်းစနစ်ကျသော နေထိုင်မှုအလေ့အထသည် ကောင်းမွန်စွာအိပ်စက်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ပါသည်။
ခရီးထွက်ရသည့်အခါမျိုးတွင် အိပ်ပျော်ရန်ခက်ခဲသည့် ပြဿနာမှာ မည်သူမဆိုကြုံဖူးကြမည်ဖြစ်သော်လည်း ၎င်းမှာ မိမိပုံမှန်လုပ်ဆောင်နေသော အိပ်စက်မှုအလေ့အကျင့်ကို မလုပ်ဆောင်သည့်အတွက်ဖြစ်ပါသည်။
ဤကဲ့သို့သော အလေ့အကျင့်ကိုလုပ်ဆောင်ခြင်းသည် အိပ်ရာဝင်သည့်အချိန်နှင့်အတူ ချိတ်ဆက်တုံ့ပြန်မှုဖြစ်ပေါ်စေရန်အတွက်လည်း အရေးကြီးပါသည်။
အိပ်ရာမဝင်မီ မပျက်မကွက် သွားတိုက်ခြင်း၊ ရေဒီယိုနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်းကဲ့သို့သော အိပ်ရာဝင်သည့်အစဉ်အလာများ လုပ်ဆောင်ခြင်းသည်လည်း ကောင်းစွာအိပ်ပျော်စေရန်အတွက် အရေးကြီးပါသည်။
အစားအသောက်နှင့် အိပ်စက်ခြင်းကြားတွင် နက်နဲသော ဆက်နွယ်မှုရှိပါသည်။
အိပ်ရာမဝင်မီတွင် အစာကြေရန်ခက်ခဲသည့် အစားအစာများစားပါက ၎င်းတို့ကို ချေဖျက်ရန်အတွက် အိပ်ပျော်နေချိန်၌ပင် အစာအိမ်နှင့် အူလမ်းကြောင်းများ အလုပ်လုပ်ရမည်ဖြစ်ပြီး အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေကာ လုံလောက်သည့် အနားယူမှုကို အဟန့်အတားဖြစ်စေပါသည်။
တစ်ဖက်တွင် ဗိုက်အလွန်ဆာနေပါကလည်း ၎င်းကို စိတ်ထဲရောက်နေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည် မဟုတ်ပါ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် အစာကြေလွယ်သည့် ပေါ့ပါးသည့် အစားအစာများဖြင့် ဖြည့်ပေးရပါမည်။
ယေဘုယျအားဖြင့် ဘီစကွတ်များနှင့် ဆန်မုန့်ကြွပ်ပါးပါးများသည် သင့်တော်ပါသည်။
အိပ်ရာမဝင်မီ လက်ဖက်ရည်နှင့် ကော်ဖီကဲ့သို့ လှုံ့ဆော်မှုပေးသည့် သောက်စရာများကို ရှောင်သင့်သည်ဟု ပြောကြသော်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားမှုရှိပြီး လူပေါ်မူတည်ကာ ဤကဲ့သို့သောသောက်စရာများ သောက်လိုက်ပါက ကောင်းစွာအိပ်ပျော်နိုင်သည့်သူများလည်း ရှိပါသည်။
သို့သော် ရေအလွန်အကျွံသောက်ပါက ညဘက်သန်းခေါင်တွင် အိမ်သာသွားချင်စိတ်ဖြစ်တတ်သောကြောင့် ရေသောက်လျှင်လည်း ထိန်းပြီးမှသောက်ပါ။
နို့ပူပူသည် အိပ်ရေးဝအောင် လှုံ့ဆော်ပေးနိုင်သည့်အာနိသင်ရှိသည်ဟု ပြောကြပါသည်။
နွားနို့တွင် L-tryptophan ဟုခေါ်သော ဓာတ်တစ်မျိုးပါရှိပါသည်။
L-tryptophan ဟုခေါ်သော အမိုင်နိုအက်ဆစ်အမျိုးအစား တစ်မျိုးဖြစ်ပြီး ၎င်းကို ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွင် ဖြိုခွဲလိုက်သောအခါ serotonin ဟုခေါ်သော ဓာတ်တစ်ခု ဖြစ်လာပြီး ၎င်းသည် ဦးနှောက်၌ အလုပ်လုပ်ကာ အိပ်ချင်စိတ်ဖြစ်ပေါ်စေသည့် အိပ်စက်မှုဆိုင်ရာဓာတ်တစ်ခုဖြစ်ပါသည်။
ထို့အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်ဘီအုပ်စုတို့သည် အိပ်စက်ခြင်းကို မြှင့်တင်ပေးသည့် ထိရောက်သော အာဟာရဖြစ်ကြောင်း မကြာသေးမီက ရှင်းရှင်းလင်းလင်း သိလာရပါသည်။
ဇယား 5-2 ဇယား 5-2 တွင် ၎င်းတို့ပါဝင်သော အစားအစာများနှင့် ၎င်းတို့၏ အာနိသင်များကို ပြထားပါသည်။
ဤအစားအစာများကို သင့်နေ့စဉ်စားသောက်မှု၌ ပါဝင်စေရန်ဂရုပြုပါ။
အိပ်ရာမဝင်မီ ရေချိုးခြင်းသည် မြန်မြန်အိပ်ပျော်စေပြီး ပိုမိုနက်ရှိုင်းစွာ အိပ်ပျော်စေမည့် ထိရောက်သောနည်းလမ်းတစ်ခုဖြစ်ပါသည်။
ခန္ဓာကိုယ်အပူချိန် မြင့်မားလေပိုမိုမြန်ဆန်စွာ အိပ်ပျော်လေလေဖြစ်ပါသည်။
ကြက်သီးနွေးရေထဲ၌ ကြာကြာ (မိနစ် 20 ခန့်) စိမ်ရပါမည်။
ရေမချိုးနိုင်ပါက ခြေထောက်ဆေးခြင်းသည်လည်း ထိရောက်မှုရှိပါသည်။
ရံဖန်ရံခါ၌ ထပ်တလဲလဲ အိပ်မပျော်ခြင်းကြောင့် အကြောင်းရင်းကို ဖယ်ရှားရန် ကြိုးစားသော်လည်း ညဘက်တွင် ကောင်းမွန်စွာ အိပ်မပျော်နိုင်ပါက ဈေးကွက်ထဲမှဆေးဝါးများ မရှာမီ ဆရာဝန်နှင့် ပြသပြီးတိုင်ပင်ပါ။
ထို့နောက် အိပ်ဆေးသောက်ရန် ညွှန်းပေးလိုက်ပါက အဆိုပါ ဆေးအညွှန်းအတိုင်း မကြောက်မရွံ့သောက်သုံးပြီး အနေအထားကို စောင့်ကြည့်ရပါမည်။
လက်ရှိအိပ်ဆေးများသည် သင့်လျော်သောပမာဏသုံးမည်ဆိုပါက ဆေးစွဲခြင်းမဖြစ်ဘဲ ပို၍စိတ်ချနိုင်စွမ်းမြင့်တက်လာပါသည်။
အိပ်ဆေးကို အလွန်အမင်းမကြောက်ဘဲ သောက်သုံးသည့်အချိန်ကိုလည်း အတိအကျရှိစေရန်မှာ အရေးကြီးပါသည်။
အိပ်ရာဝင်မည့်အချိန်ကို ကြိုတင်ဆုံးဖြတ်ပြီး အိပ်ဆေးကို အဆိုပါအချိန်မတိုင်မီ မိနစ် 20~30ကြိုသောက်ရပါမည်။
အဖိုးအဖွားများသည် ငယ်ရွယ်သူများထက် ဆေးဝါးများကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်သည့်အချိန်နှင့် ခန္ဓာကိုယ်တွင်းမှ စွန့်ထုတ်ရန်အချိန်တို့ ပိုကြာတတ်သောကြောင့် အိပ်ဆေးများသည် နံနက်တိုင်အောင် အာနိသင်ဆက်ရှိနိုင်ပြီး ပြုတ်ကျခြင်းကဲ့သို့သော မတော်တဆမှုများကို ဖြစ်စေနိုင်သောကြောင့် သတိထားရန် လိုအပ်ပါသည်။
မနက်ရောက်သော်လည်း ရီဝေဝေဆက်ဖြစ်နေခြင်း သို့မဟုတ် ကောင်းစွာ အိပ်ပျော်နေခြင်းစသည့် အိပ်ဆေး၏သက်ရောက်မှုများကို ဆရာဝန်ထံ သေသေချာချာ အစီရင်ခံပြီး ဆွေးနွေးကာ သောက်သုံးရန်မှာ အရေးကြီးပါသည်။
မှတ်ဉာဏ်ချို့ယွင်းမှုရောဂါရှိသော အဖိုးအဖွားများတွင် တွေ့ရလေ့ရှိသည့် အိပ်စက်ခြင်းဆိုင်ရာပြဿနာများသည် ပြုစုစောင့်ရှောက်မှုပေးရာ၌ ကြီးမားသောပြဿနာဖြစ်ပါသည်။
မှတ်ဉာဏ်ချို့ယွင်းမှုရောဂါရှိသော အဖိုးအဖွားများတွင် အိပ်မပျော်ခြင်း၊ အလွန်အကျွံအိပ်စက်ခြင်းနှင့် အိပ်စက်ချိန်နေ့ညမှားခြင်းစသည်တို့အပြင် ညဘက်၌အပြင်သို့ထွက်သွားခြင်း၊ စင်တာအတွင်း လမ်းပတ်လျှောက်နေခြင်း၊ ပစ္စည်းများရွှေ့ခြင်း၊ အသံကျယ်ကျယ်ထွက်ခြင်းစသည့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ပေးသည့် ရောဂါလက္ခဏာများ တွေ့ရပါသည်။
ဤကဲ့သို့သော မှတ်ဉာဏ်ချို့ယွင်းမှုရောဂါရှိသည့် အဖိုးအဖွားများ၌ တွေ့ရလေ့ရှိသည့် အိပ်စက်ခြင်းဆိုင်ရာပြဿနာများသည် ဇီဝဆိုင်ရာစည်းချက်များချို့ယွင်းမှုကြောင့် ဖြစ်ပေါ်ရကြောင်း ထင်ထင်ရှားရှား သိရပါသည်။
တစ်နည်းဆိုရသော် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါရှိသည့် အဖိုးအဖွားများ၏ ဇီဝဆိုင်ရာစည်းချက်များသည် နေ့ညခွဲခြားခြင်းမပြုနိုင်တော့သည့် အနေအထားဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ဤနည်းအားဖြင့် ဇီဝနာရီ ယန္တရား ပျက်ယွင်းလာသောအခါတွင် အိပ်ဆေးကို အသုံးပြုရန် သင့်လျော်မှု သိပ်မရှိပါ။
ဇီဝစည်းချက်ကို ဖြည့်ဆည်းသည့်နည်းလမ်းဖြင့် တုံ့ပြန်ဆောင်ရွက်ပေးပါက အကျိုးအာနိသင်မြင့်တက်လာနိုင်ပါသည်။
ဇီဝစည်းချက်များသည် လူ့ဘောင်ဆိုင်ရာစည်းချက်၊ အလင်းအမှောင်စည်းချက်၊ အစားအသောက်စည်းချက်၊ ကိုယ်လက်လှုပ်ရှားမှုစည်းချက်စသည်တို့ ဖြစ်ပြီး အဆိုပါစည်းချက်များ ခိုင်မာအားကောင်းစေသည့်နည်းလမ်းကို သုံးရပါမည်။
ဥပမာအားဖြင့် ပတ်ဝန်းကျင်မှ လူများသည် အဖိုးအဖွားများနှင့် ထိတွေ့ဆက်ဆံသည့်ကြာချိန်များအောင်လုပ်ပြီး ၎င်းတို့နှင့် စကားပြောဆိုခြင်း၊ အတူတကွ လုပ်ငန်းဆောင်ရွက်ခြင်းတို့ လုပ်ပေးရပါမည်။
ထို့အပြင် မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့် အပြင်ထွက်၍ လမ်းလျှောက်ခြင်းကဲ့သို့သောအရာများသည် ကိုယ်လက်လှုပ်ရှားမှုကို တိုးမြင့်စေခြင်းနှင့်အတူ လူမှုဆက်ဆံရေးကို တိုးမြင့်စေပြီး တစ်ချိန်တည်းတွင် နေပူဆာလှုံခြင်းလည်းလုပ်နိုင်သည့်အတွက် အကျိုးအာနိသင်များ ရရှိနိုင်ပါသည်။
နေ့စဥ်အချိန်ကို သတ်မှတ်ပြီး နံနက်နှင့် နေ့လည် 2 နာရီမှ 3 နာရီကြာ အချိန်ဇယားတစ်ခု ရေးဆွဲထားပါက အဆင်ပြေနိုင်ပါမည်။